ICE ၏ ဝရမ်းမဲ့အိမ်စီးနင်းခွင့် မူဝါဒနှင့်ပတ်သက်၍ အထက်လွှတ်တော်အမတ် Blumenthal က Kristi Noem အား ဆင့်ခေါ်ရန် တောင်းဆို

News Image

  • ICE ၏ ဝရမ်းမဲ့အိမ်စီးနင်းခွင့် မူဝါဒနှင့်ပတ်သက်၍ အထက်လွှတ်တော်အမတ် Blumenthal က Kristi Noem အား ဆင့်ခေါ်ရန် တောင်းဆို

တရားသူကြီး၏ ဝရမ်းမပါဘဲ လူနေအိမ်များအတွင်း ဝင်ရောက်ခွင့်ပြုသည့် ပြည်တွင်းညွှန်ကြားချက်တစ်စောင်နှင့်ပတ်သက်၍ ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem နှင့် ICE အကြီးအကဲ Todd Lyons တို့အား လွှတ်တော်တွင် လာရောက်ထွက်ဆိုရန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် Richard Blumenthal က ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် တောင်းဆို လိုက်သည်။

အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် (၄) (Fourth Amendment) ကို လျစ်လျူရှုကာ ဝရမ်းမပါဘဲ ပုဂ္ဂလိကနေအိမ်များအတွင်း ဝင်ရောက်ရန် ICE ၏ လျှို့ဝှက်မူဝါဒအသစ်ကို ဖော်ထုတ်ခဲ့သည့် "တုန်လှုပ်ဖွယ်ရာ အမည်မဖော်လိုသူ သတင်းပေးပို့ချက်" ပေါ်ထွက်လာပြီးနောက် Blumenthal က အထက်လွှတ်တော် ပြည်တွင်း လုံခြုံရေး ကော်မတီနှင့် တရားစီရင်ရေးကော်မတီဥက္ကဋ္ဌများထံ စာပေးပို့၍ အဆိုပါ ပုဂ္ဂိုလ်များကို "ချက်ချင်း" ဆင့်ခေါ်ထွက်ဆိုခိုင်းရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါမှတ်တမ်း (Memo) ကို Blumenthal ၏ ရုံးခန်းသို့ သတင်း ပေးသူတစ်ဦးက တိုင်ကြားစာအဖြစ် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်းအရ ICE အရာရှိများသည် နိုင်ငံမှနှင်ထုတ်ရန် အမိန့်စာ (Final order of removal) ထွက်ထားသူတစ်ဦးကို ဖမ်းဆီးရန်အတွက် အုပ်ချုပ်ရေးဆိုင်ရာ ဖမ်းဝရမ်း (Administrative warrant) မျှဖြင့် နေအိမ်အတွင်း အင်အားသုံးဝင်ရောက်ခွင့် ပြုထားခြင်းဖြစ်သည်။ ယင်းသည် အစိုးရ၏ ရှာဖွေခွင့်အာဏာကို ကန့်သတ်ထားသည့် ကာလရှည်ကြာ ကျင့်သုံးလာသော လမ်းညွှန်ချက်များကို ချိုးဖောက်နေခြင်း ဖြစ်သည်။ 

ကွန်နက်တီကတ်ပြည်နယ် အထက်လွှတ်တော်အမတ်သည် ဝန်ကြီး Noem နှင့် ICE ခေတ္တညွှန်ကြားရေးမှူး Lyons တို့ထံသို့လည်း ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် စာတစ်စောင် ပေးပို့ခဲ့ပြီး "ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် (၄) သည် မိမိတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး အထူးသဖြင့် အလွန်တန်ဖိုးထားရသော လူနေအိမ်များအတွင်း အကြောင်းမဲ့ရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်းများမှ ကာကွယ်ပေးထားသည့် အရေးပါသော ကိုယ်ရေးကိုယ်တာ အကာအကွယ် ဖြစ်သည်" ဟု ရေးသားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေး အရာရှိများအား ယခုကဲ့သို့ ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ပေးအပ်ထားသည့် ထိုမှတ်တမ်းသည် "အမေရိကန် နိုင်ငံသားတိုင်းကို ထိတ်လန့် တုန်လှုပ်စေသင့်သည်" ဟု ၎င်းက ဆိုသည်။

"အေးဂျင့်တွေကို ခွင့်ပြုပေးပြီး သင့်အိမ်တံခါးကို ကန်ဖွင့်ဝင်ရောက် စီးနင်းခိုင်းသည့် ယခုကဲ့သို့လျှို့ဝှက် ICE မူဝါဒကို အမေရိကန်တိုင်းက ကြောက်ရွံ့သင့်ပါသည် ၊ ယင်းက ဥပဒေအရရော ကိုယ်ကျင့်တရားအရပါ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် မူဝါဒတစ်ခုဖြစ်ပြီး အမေရိကမှာ လက်တွေ့ ဖြစ်ပျက်နေသည့် အန္တရာယ်ရှိပြီး အရှက်ရဖွယ် အာဏာ အလွဲသုံးစားမှုများ၏ သာဓကတစ်ခုပဲ ဖြစ်ပါသည်" ဟု Blumenthal က သတင်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: The Intercept

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂