အီရန်နိုင်ငံခြားရေးဝန်ကြီးက ဆူပူအုံကြွမှုအတွင်း သေဆုံးသူအရေအတွက်နှင့် ပျက်စီးဆုံးရှုံးမှုများကို ထုတ်ပြန်
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ၏ ပြောကြားချက်အရ ယခုနှစ်အစောပိုင်းက အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆန္ဒ ပြပွဲများအတွင်း လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ အများပြည်သူ ဆိုင်ရာ၊ စစ်ဘက်ဆိုင်ရာနှင့် အစိုးရအဆောက်အအုံ အမြောက်အမြား ဖျက်ဆီး ခံခဲ့ရကြောင်း သိရှိရသည်။
ဒီဇင်ဘာလနှောင်းပိုင်းတွင်စတင်ခဲ့သော အဆိုပါလူထုဆန္ဒပြပွဲများသည် ရေရှည်စီးပွားရေးအကျပ်အတည်းနှင့် နိုင်ငံ၏ငွေကြေးဖြစ်သော ရီယယ် (Rial) တန်ဖိုး ပြိုလဲမှုတို့ကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲ များသည် ချက်ချင်းဆိုသလို နိုင်ငံရေးဘက်သို့ ကူးစက်သွားပြီး အီရန်မြို့ အချို့တွင် သီတင်းနှစ်ပတ်ခန့်ကြာမြင့်သော အကြမ်းဖက်မှုများ ဖြစ်ပေါ် ခဲ့သည်။ တီဟီရန်အစိုးရက ယင်းမတည်ငြိမ်မှုများမှာ အမေရိကန်နှင့် အစ္စရေးတို့ကဲ့သို့သော ပြည်ပစွက်ဖက်မှုများကြောင့်ဖြစ်ပြီး ကနဦးက ငြိမ်းချမ်းစွာဆန္ဒပြသူများကြားသို့ လက်နက်ကိုင် အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့်ဖြစ်သည်ဟု ပြစ်တင် ပြောဆို ခဲ့သည်။
မတည်ငြိမ်မှုများကြောင့် နိုင်ငံတစ်ဝှမ်းတွင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃,၁၁၇ ဦး သေဆုံးခဲ့ကြောင်း Araghchi က သောကြာနေ့တွင် X လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ သေဆုံးသူများ အနက် ၆၉၀ ခန့်မှာ “အကြမ်းဖက်သမားများ” ဖြစ်ပြီး ကျန်ရှိသူများမှာ အရပ်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ၎င်းက ဆိုသော်လည်း အသေးစိတ်ခွဲခြားမှုကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
Araghchi ၏ ပြောကြားချက်အရ မတည်ငြိမ်မှုများအတွင်း ဗလီ ၃၅၀ ခန့် ၊ ဘဏ် ၇၅၀ ၊ အစိုးရအဆောက်အအုံ ၄၁၄ ခုနှင့် အခြားပိုင်ဆိုင်မှုများ အပါအဝင် အများပြည်သူနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံများစွာအပြင် စစ်ဘက်ဆိုင်ရာ တပ်ဆင်မှုများ (လုံခြုံရေးကင်မရာများ) လည်း ဖျက်ဆီးခံရခြင်း သို့မဟုတ် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
အီရန် ထိပ်တန်းသံတမန်၏ အဆိုပါထုတ်ပြန်ချက်သည် အမေရိကန် ဒုတိယသမ္မတ JD Vance ကို တုံ့ပြန်ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ JD Vance က အမေရိကန် ဆန္ဒပြသူများအနေဖြင့် “ခရစ်ယာန် ဘုရားကျောင်းတစ်ခုကို စီးနင်းခြင်း သို့မဟုတ် ဖက်ဒရယ်အရာရှိ တစ်ဦး ကို တိုက်ခိုက်ခြင်း” ပြုလုပ်ပါက ထောင်ဒဏ်များ ချမှတ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည်လည်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေရန် ထရမ့်အစိုးရက အမေရိကန်မြို့ကြီးများသို့ ထပ်ခါတလဲလဲ စေလွှတ်ခဲ့သည့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) အားဆန့်ကျင်သည့် ဆန္ဒပြပွဲများဖြင့် မကြာသေးမီက ရင်ဆိုင်နေရ သည်။ ယခုလအစောပိုင်းတွင် ICE အေးဂျင့်တစ်ဦးက ၎င်းအား SUV ကားဖြင့် တိုက်ရန်ကြိုးပမ်းသည်ဟုဆိုကာ ကလေးသုံးယောက်မိခင် တစ်ဦး ကို ပစ်သတ်ခဲ့ပြီးနောက်၊ မင်နီဆိုတား (Minnesota) ပြည်နယ်သည် အဆိုပါ ICE ဆန့်ကျင်ရေး မတည်ငြိမ်မှုများ၏ ဗဟိုချက်ဖြစ်နေဆဲ ဖြစ်သည်။
မိမိတို့နိုင်ငံအတွင်း၌ လူထုဆန္ဒပြပွဲများ ဖြစ်ပွားနေသော်လည်း အမေရိကန်ခေါင်းဆောင်ပိုင်းသည် အီရန်နိုင်ငံအတွင်းရှိ မတည်ငြိမ်မှု များကို တက်ကြွစွာအားပေးအားမြှောက်ပြုခဲ့ပြီး ဆန္ဒပြသူများကို ကူညီရန် အီရန်အပေါ် စစ်ရေးအရအရေးယူမည်ဟု ထပ်ခါတလဲလဲ ခြိမ်းခြောက် ခဲ့သည်။ ပြီးခဲ့သည့် စနေနေ့ (ဇန်နဝါရီ ၁၇) က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အီရန်ကို တိုက်ခိုက်ခြင်းမပြုရန် မိမိကိုယ်ကို “နားချနိုင်ခဲ့သည်” ဟု ပြောကြားခဲ့ပြီး၊ ယင်းသို့ လုပ်ဆောင် ရန် အစ္စရေးနှင့် အာရပ်နိုင်ငံအချို့၏ ဖိအားပေးမှုများရှိခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။ သို့သော်လည်း အမေရိကန်သည် တိုက်ခိုက်ရေးလေယာဉ်တင်သင်္ဘောအုပ်စု အပါအဝင် နောက်ထပ် စစ်ရေးအင်အားစုများကို ထိုဒေသသို့ ဆက်လက်စေလွှတ်လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
