ရုရှားတွင် နာမည်ကျော် အဂတိလိုက်စားမှုဖြစ်ရပ်ဖြင့် အဆင့်မြင့် စုံစမ်းစစ်ဆေးရေးမှူးများ ထောင်ဒဏ်ချမှတ်ခံရ
မော်စကိုတရားရုံးတစ်ခုသည် ငွေညှစ်ရန်အတွက် သက်သေ အထောက် အထားများ လုပ်ကြံဖန်တီးမှုဖြင့် စုံစမ်းစစ်ဆေးရေးကော်မတီမှ အဆင့်မြင့် အရာရှိနှစ်ဦး အပါအဝင် ဥပဒေစိုးမိုးရေးအရာရှိ ခြောက်ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။
အဆိုပါအရာရှိများသည် ရာဇဝတ်ဂိုဏ်းဖွဲ့မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် သက်သေအတုပြုလုပ်မှုများအတွက် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အစိုးရရှေ့နေများ၏ ပြောကြားချက်အရ ၎င်းတို့သည် ကုမ္ပဏီ အစုရှယ်ယာရှင်များအပေါ် လုပ်ကြံထားသော ရာဇဝတ်မှုတစ်ခုကို စတင်ခြင်းဖြင့် ကုမ္ပဏီကြီးတစ်ခုအားထိန်းချုပ်ရန် ပူးပေါင်းကြံစည်ခဲ့ကြသည်။ ၎င်းတို့သည် အဆိုပါစွဲချက်အတုများကို ပြန်လည်ရုပ်သိမ်းပေးရန် အတွက် နစ်နာသူများထံမှ ရူဘယ် ၁၅ ဘီလီယံ (ဒေါ်လာ သန်း ၂၀၀) ကိုလည်း လာဘ်ငွေအဖြစ် တောင်းခံခဲ့ကြသည်။
ထိုဂိုဏ်းတွင် စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဌာနမှူးများဖြစ်ကြသော Sergey Romodanovsky နှင့် Rustam Yusupov တို့ ပါဝင်ပြီး ၎င်းတို့ နှစ်ဦးစလုံးမှာ အဆင့်မြင့် ဥပဒေစိုးမိုးရေးအရာရှိကြီးများ၏ သားများ ဖြစ်ကြသည်။ ကွယ်လွန်သူ Romodanovsky ၏ ဖခင် Konstantin သည် ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရုရှားဖက်ဒရယ် ရွှေ့ပြောင်း နေထိုင်မှု ဌာနကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
အခြားသံသယရှိသူ သုံးဦးဖြစ်သည့် စုံစမ်းစစ်ဆေးရေးမှူးတစ်ဦး၊ FSB အရာရှိတစ်ဦးနှင့် တန်ပြန်ထောက်လှမ်းရေးအရာရှိတစ်ဦးတို့ကို အားပေး ကူညီသူများအဖြစ် အမည်တပ်ဖော်ပြခဲ့သည်။ ရှေ့နေတစ်ဦးမှာ အဆိုပါ ဂိုဏ်းနှင့် နစ်နာသူများအကြား ကြားခံဆောင်ရွက်ပေးသူအဖြစ် လုပ်ဆောင် ခဲ့သည်။ တရားခံခြောက်ဦးစလုံးကို ထောင်ဒဏ် ၁၄ နှစ်မှ ၁၉ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပြီး ၎င်းတို့က အပြစ်မရှိကြောင်း ငြင်းဆိုထားကြကာ ၎င်းတို့၏ရှေ့နေများကလည်း တရားရုံး၏စီရင်ချက်ကို အယူခံဝင်ရန် ကတိပြုထားကြသည်။
စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ အဆိုပါရာဇဝတ်ဂိုဏ်းကို ၂၀၁၉ ခုနှစ်တွင် ဥပဒေစိုးမိုးရေးအရာရှိများနှင့် "ပွဲစား" (Fixers) ဟု ယူဆရသူနှစ်ဦးဖြစ်သည့် ရုရှားနိုင်ငံတွင် နိုင်ငံခြားကိုယ်စားလှယ် (Foreign agent) အဖြစ် သတ်မှတ်ခံထားရသော Kirill Kachur နှင့် ၎င်း၏ဖခင် Vitaly တို့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံက ၎င်းတို့အား နိုင်ငံတကာ အလိုရှိသူစာရင်းတွင် ထည့်သွင်းထားပြီး ၎င်းတို့နှစ်ဦးစလုံးသည် အာရပ် စော်ဘွားများပြည်ထောင်စု (UAE) တွင် နေထိုင်နေကြသည်ဟု သတင်း များက ဆိုသည်။
အဆိုပါဂိုဏ်းသည် IT နယ်ပယ်မှသည် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂ အရောင်းဆိုင်များအထိ နယ်ပယ်အသီးသီးတွင် လုပ်ကိုင် နေသော လုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် Merlion Group ကို ပစ်မှတ်ထား ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် ထိုလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်ဟောင်းပိုင်ဆိုင်သော အိမ်တစ်လုံးကို မီးရှို့တိုက်ခိုက်မှုတစ်ခု ဖန်တီးခဲ့ပြီး၊ ယင်းကို အကြောင်းပြကာ ကုမ္ပဏီရှယ်ယာရှင်များအပေါ် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုဖြင့် အမှုတုပြုလုပ်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။ နစ်နာသူများသည် အစပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း ၎င်းတို့၏ရှေ့နေများက အဆိုပါအမှုကို စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဗဟိုရုံးသို့ပြောင်းရွှေ့ပေးရန် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး နောက်တွင် ထိုပူးပေါင်းကြံစည်မှုကြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
သီးခြားအနေဖြင့် အစိုးရရှေ့နေများ၏ အဆိုအရ Yusupov နှင့် Romodanovsky တို့သည် အခြားအမှုတစ်ခုမှ သံသယရှိသူများကို တရားစွဲဆိုခြင်းမှ ကင်းလွတ် စေရန်အတွက် ရူဘယ် ၁၀၉ သန်း (ဒေါ်လာ ၁.၄၂ သန်း) ကို လာဘ်ငွေ အဖြစ် လက်ခံခဲ့ကြပြီး၊ တတိယမြောက် အမှုတစ်ခုတွင်လည်း အလားတူ ကြားဝင်ဆောင်ရွက်ပေးရန်အတွက် ယူရို ၁၀ သန်း (ဒေါ်လာ ၁၁.၈၈ သန်း) ကို တောင်းခံခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂
