BRICS အဖွဲ့သို့ဝင်ရောက်ရန် နောက်ထပ် အာဖရိကနိုင်ငံတစ်ခု ကြိုးပမ်းလာ

News Image

  • BRICS အဖွဲ့သို့ဝင်ရောက်ရန် နောက်ထပ် အာဖရိကနိုင်ငံတစ်ခု ကြိုးပမ်းလာ

ဇင်ဘာဘွေနိုင်ငံသည် ၎င်းတို့၏ နိုင်ငံတကာမိတ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်ရန်နှင့် စီးပွားရေးအခြေအနေ ပိုမိုခိုင်မာလာစေရန် မဟာဗျူဟာ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် BRICS အဖွဲ့ဝင်ဖြစ်လာစေရေးအတွက်ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ဒေသတွင်း သတင်းဌာနများက အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) တွင် ဖော်ပြခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဝန်ကြီး Amon Murwira က ၎င်းတို့အနေဖြင့် BRICS အဖွဲ့အတွင်းသို့ ပိုမို မြန်ဆန်စွာ ဝင်ရောက်ခွင့်ရရှိရေးအတွက် အဖွဲ့ဝင်နိုင်ငံများထံ ချဉ်းကပ် ပြောဆိုထားကြောင်း The Herald သတင်းစာသို့ ပြောကြားခဲ့သည်။

"ဇင်ဘာဘွေနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေပါပြီ ၊ ကျွန်တော်တို့၏ စီးပွားရေးကဏ္ဍကိုချဲ့ထွင်ရန်နှင့် ကမ္ဘာ့စီးပွားရေးမှာ ပါဝင်စီးဆင်းနိုင်ရန် အတွက် BRICS လိုမျိုး အဖွဲ့အစည်းများမှာ ပါဝင်ရန်သည် အလွန် အရေးကြီးပါသည်" ဟု ဝန်ကြီး Murwira က ဆိုသည်။

သမ္မတ Emmerson Mnangagwa က ၎င်းအား BRICS အဖွဲ့ဝင် နိုင်ငံများ နှင့် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ပေးထားကြောင်းလည်း Murwira က ပြောကြားခဲ့သည်။ ထို့အပြင် ဇင်ဘာဘွေနိုင်ငံသည် လွန်ခဲ့သည့် နှစ်တွင် BRICS အဖွဲ့၏ ဘဏ္ဍာရေးဆိုင်ရာဌာနဖြစ်သော New Development Bank (NDB) သို့ ဝင်ရောက်ရန်အတွက်လည်း လျှောက်ထားခဲ့ကြောင်း သိရှိရသည်။

ဝန်ကြီးသည် ပြီးခဲ့သည့် မတ်လကတည်းက ထိုကိစ္စကို စတင်တင်ပြ ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဇင်ဘာဘွေနိုင်ငံအနေဖြင့် BRICS သို့ ဝင်ရောက်ရန် ရည်ရွယ်ထားကြောင်းနှင့် လျှောက်ထားမှုအဆင့်တွင် ရှိနေကြောင်း အတည်ပြုခဲ့သည်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လတွင် စိန့်ပီ တာစဘတ် မြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း ဇင်ဘာဘွေသမ္မတသည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံစဉ် BRICS အဖွဲ့ဝင် ဖြစ်လာ စေရေး ဇင်ဘာဘွေ၏ ရည်မှန်းချက်ကို ဆွေးနွေးခဲ့သည်။

ဇင်ဘာဘွေနိုင်ငံသည် မတ်လ ၇ ရက်နေ့တွင် BRICS သို့ ဝင်ရောက်ရန် တရားဝင်လျှောက်လွှာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလတွင် ဇင်ဘာဘွေနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Nikolay Krasilnikov က မော်စကိုအနေဖြင့် "BRICS နှင့် ပူးပေါင်းဆောင်ရွက်ရန် ဇင်ဘာဘွေ၏ ပြင်းပြသော စိတ်အားထက်သန်မှုကို အခိုင်အမာထောက်ခံကြောင်း" နှင့် အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုတွင် ကူညီပေးရန်အသင့်ရှိကြောင်း ပြောကြား ခဲ့သည်။ ၎င်းက "BRICS အတွင်းရှိ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်များ အားလုံး၏ တူညီသောသဘောတူညီချက် (Consensus) ဖြင့် ချမှတ်ခြင်း ဖြစ်သော်လည်း" ရုရှားအနေဖြင့် ဇင်ဘာဘွေ ပါဝင်လာမည့်အရေးကို ကြိုဆိုကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)