တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် လ ၂၀ ချမှတ်

News Image

  • တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးအား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် လ ၂၀ ချမှတ်

တောင်ကိုရီးယား သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးသည် အဖိုးတန် လက်ဆောင်များလက်ခံခဲ့မှုကြောင့် ထောင်ဒဏ် လ ၂၀ ချမှတ်ခံခဲ့ရသော်လည်း အချို့သောစွဲချက်များမှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။

ဆိုးလ်အလယ်ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး ဝူးအင်းဆောင်သည် သမ္မတကတော်ဟောင်း ကင်မ်ဂွန်ဟီးအား အဂတိလိုက်စားမှုဖြင့် ဇန်နဝါရီ ၂၈ နေ့တွင် ထောင်ဒဏ် လ ၂၀ စီရင်ချက်ချမှတ်ခဲ့သည်။ ကင်မ်သည် Unification Church ထံမှ Chanel လက်ကိုင်အိတ်တစ်လုံးနှင့် Graff လည်ဆွဲတစ်ခု အပါအဝင် ဇိမ်ခံလက်ဆောင်ပစ္စည်းများဖြင့် လာဘ်ယူ ခဲ့သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။

တရားသူကြီး ဝူးက ကင်မ်သည် သမ္မတဟောင်း ယွန်းဆက်ယိုး၏ ဇနီး ဖြစ်ခြင်းကြောင့် "ကြီးမားသော ဩဇာအာဏာ" ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သူမသည် "မိမိ၏ ရာထူးကို ကိုယ်ကျိုးရှာရန်အတွက် အလွဲ သုံးစားလုပ်ခဲ့သည်" ဟုလည်း ၎င်းက ဆိုသည်။

သို့သော်လည်း ကင်မ်သည် စတော့ရှယ်ယာ ဈေးကွက်ကစားမှုနှင့် ရွေးကောက်ပွဲဆိုင်ရာ ဘဏ္ဍာရေးဥပဒေ ချိုးဖောက်မှု စွဲချက်များမှ ကင်းလွတ်ခွင့်ရရှိခဲ့သည်။ အစိုးရရှေ့နေများက ယခင်က သူမအား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အသက် ၅၃ နှစ်အရွယ် တောင်ကိုရီးယား သမ္မတကတော်ဟောင်းသည် ဝတ်စုံနက်၊ မျက်မှန်နှင့် နှာခေါင်းစည်း (Mask) တို့ကို ဝတ်ဆင်၍ တရားရုံးသို့ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် ကြားနာစစ်ဆေးမှုတွင် အစိုးရရှေ့နေများက ကင်မ်သည် "ဥပဒေ၏ အထက်တွင် ရပ်တည်နေပြီး" Unification Church နှင့် ပူးပေါင်းကာ "ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေးနှင့် နိုင်ငံတော် သီးခြားစီဖြစ်မှုကို" ပျက်ပြား စေရန် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

ထိုစဉ်က သမ္မတကတော်ဟောင်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုခဲ့ပြီး ထိုစွပ်စွဲချက်များသည် "လုံးဝ မတရားကြောင်း" ပြောကြားခဲ့သည်။ သို့သော်လည်း သူမအနေဖြင့် "မည်သည့် အာဏာပိုင် ရာထူးနေရာ တွင်မျှ မရှိစဉ်" အခက်အခဲများ ဖြစ်ပေါ်စေခဲ့မှုအတွက် တောင်းပန်      ခဲ့သည်။

သမ္မတဟောင်း ယွန်းဆက်ယိုးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့မှုကြောင့် အစိုးရရှေ့နေ များက ၎င်းအားသေဒဏ်ပေးရန် ယခင်က အကြံပြုထားခဲ့သည်။ တရားရုံး သည် ဖေဖော်ဝါရီလလယ်တွင် စီရင်ချက်ကို ထုတ်ပြန်ကြေညာရန် မျှော်လင့်ရသည်။ တောင်ကိုရီးယားနိုင်ငံသည် ဆယ်စုနှစ်များစွာ ကြာအောင် သေဒဏ်စီရင်ခဲ့ခြင်း မရှိပေ။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)