အမေရိကန် ဆိုက်ဘာလုံခြုံရေးအကြီးအကဲက အရေးကြီးဖိုင်တွဲများကို ChatGPT သို့ ပေါက်ကြားစေခဲ့ကြောင်း Politico ဖော်ပြ

News Image

  • အမေရိကန် ဆိုက်ဘာလုံခြုံရေးအကြီးအကဲက အရေးကြီးဖိုင်တွဲများကို ChatGPT သို့ ပေါက်ကြားစေခဲ့ကြောင်း Politico ဖော်ပြ

ပြီးခဲ့သည့်နွေရာသီက နိုင်ငံ၏ထိပ်တန်း ဆိုက်ဘာကာကွယ်ရေး အေဂျင်စီ ၏ ခေတ္တညွှန်ကြားရေးမှူးသည် အစိုးရ၏အရေးကြီး စာရွက်စာတမ်း အမြောက်အမြားကို အများသုံး ChatGPT ဗားရှင်းထဲသို့ တင်ခဲ့ (Upload) ကြောင်း၊ ၎င်းဖြစ်ရပ်ကြောင့် အလိုအလျောက် လုံခြုံရေး သတိပေးချက် များထွက်ပေါ်လာပြီး ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ ထိခိုက်မှု ဆန်းစစ်ချက် တစ်ရပ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း Politico ၏ စုံစမ်း စစ်ဆေးမှု အရ သိရှိရသည်။

ဆိုက်ဘာလုံခြုံရေးနှင့် အခြေခံအဆောက်အအုံ လုံခြုံရေးအေဂျင်စီ (CISA) ၏ ယာယီအကြီးအကဲ Madhu Gottumukkala သည် အခြား DHS ဝန်ထမ်းများအတွက် ပိတ်ပင်ထားသော အဆိုပါ AI နည်းပညာကို အသုံး ပြုနိုင်ရန် ၎င်းကိုယ်တိုင် အထူးခွင့်ပြုချက် တောင်းခံခဲ့ပြီး၊ 'ရုံးလုပ်ငန်း သုံးအတွက်သာ' (For Official Use Only) ဟု အမှတ်အသားပြု ထားသည့် စာချုပ်စာတမ်းများကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ အချက်အလက်များသည် လျှို့ဝှက်အဆင့် (Classified) မဟုတ်သော်လည်း အရေးကြီးသည်ဟု သတ်မှတ်ထားပြီး အများပြည်သူသို့ ထုတ်ပြန်ရန် မဟုတ်ပေ။

ထိုဖြစ်စဉ်ကို သိရှိသည့် DHS အရာရှိ လေးဦး၏ အဆိုအရ သြဂုတ်လ အစောပိုင်းတွင် CISA ရှိ ဆိုက်ဘာလုံခြုံရေး အာရုံခံကိရိယာများက အဆိုပါ ဖိုင်တင်မှုများကို ခြေရာခံမိခဲ့ပြီး ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက် ဆိုးကျိုးများကိုဆန်းစစ်ရန် DHS က ဦးဆောင်သည့် ပြည်တွင်း ပြန်လည် သုံးသပ်မှုတစ်ခုကို ချက်ချင်း လုပ်ဆောင်စေခဲ့သည်။

အဆိုပါ ပြန်လည်သုံးသပ်မှုက မည်သို့ကောက်ချက်ချခဲ့သည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။ အများသုံး ChatGPT သို့ ဖိုင်တင်လိုက်ခြင်းသည် ဖန်တီးသူ OpenAI နှင့် မျှဝေလိုက်ခြင်းဖြစ်ပြီး အစိုးရ၏အချက်အလက်များကို ပလက်ဖောင်း၏ များပြားလှသောအသုံးပြုသူများထံသို့ ထိတွေ့ ပေါက်ကြား သွားစေနိုင်သောကြောင့် ထိုဖြစ်ရပ်မှာ ထူးခြားထင်ရှားနေခြင်း ဖြစ်သည်။ ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် အစိုးရမှခွင့်ပြုထားသော DHS AI ကိရိယာများကိုမူ အချက်အလက်များ ဖက်ဒရယ်ကွန်ရက်ပြင်ပသို့ မထွက် သွားစေရန် စနစ်တကျ ပြုပြင်ဖန်တီးထားခြင်း ဖြစ်သည်။

CISA ၏ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ ညွှန်ကြားရေးမှူး Marci McCarthy က ထုတ်ပြန်ချက်တစ်ခုတွင် Gottumukkala သည် 'DHS ၏ ထိန်းချုပ်မှု များအောက်တွင် ChatGPT ကို အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသူ ဖြစ်သည်' ဟု ပြောကြားခဲ့ပြီး ၎င်း၏အသုံးပြုမှုမှာ 'ကာလတို အကန့်အသတ် ဖြင့်သာ ဖြစ်သည်' ဟု ဆိုသည်။

Gottumukkala သည် အမြဲတမ်း ညွှန်ကြားရေးမှူးအဖြစ် အမည်စာရင်း တင်သွင်းခံထားရသူ Sean Plankey အတည်မပြုရသေးမီ မေလ ကတည်း က CISA ကို ခေတ္တညွှန်ကြားရေးမှူးအဖြစ် ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ထို ChatGPT ဖြစ်စဉ်သည် Gottumukkala ၏ တိုတောင်းသော ရာထူးသက်တမ်းအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးနှင့် ခေါင်းဆောင်မှု ဆိုင်ရာ အငြင်းပွားဖွယ်ရာ အစီအစဉ်များထဲမှ နောက်ဆုံး ပေါ်ပေါက် လာသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ၎င်းသည် အလွန်အရေးကြီးသော ထောက်လှမ်းရေး သတင်းအချက်အလက်များကိုရယူနိုင်ရန်အတွက် စစ်ဆေး ခံရန်ဖိအားပေးခံခဲ့ရသည့် တန်ပြန်ထောက်လှမ်းရေး မုသားဖြေစက် (Polygraph) စစ်ဆေးမှုတွင် ကျရှုံးခဲ့ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် သီတင်းပတ်ကပြုလုပ်ခဲ့သော လွှတ်တော်သက်သေထွက်ဆိုချက်တွင်Gottumukkala သည် ထိုသို့ စစ်ဆေးမှု ကျရှုံးခဲ့ခြင်းကို အသိအမှတ် ပြုရန် ငြင်းဆိုခဲ့ပြီး လွှတ်တော်အမတ် Bennie Thompson (D-Miss.) ကို ပြောကြားရာတွင် ၎င်းအနေဖြင့် 'ထိုသို့ ဖော်ပြချက်၏ အခြေခံအချက်ကို လက်မခံနိုင်ကြောင်း' တုံ့ပြန်ခဲ့သည်။

ယခုကဲ့သို့ လုံခြုံရေးဆိုင်ရာ ပေါ့လျော့မှုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က ဖက်ဒရယ်အစိုးရတစ်ရပ်လုံးတွင် AI နည်းပညာ အသုံးပြုမှု ကို ပြင်းပြင်းထန်ထန် တွန်းအားပေးနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လွန်ခဲ့သည့်လက ထရမ့်သည် ပြည်နယ်အဆင့် AI ဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များကိုထိန်းချုပ်ရန် အမိန့်ဒီကရီတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေပိုင်းဆိုင်ရာ ကွဲပြားနေမှုများသည် တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရာတွင် အမေရိကန်၏ယှဉ်ပြိုင်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေ နိုင်ကြောင်း သတိပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် ပင်တဂွန်စစ်ဌာနချုပ်က စစ်ဘက်ဆိုင်ရာတွင် AI အသုံးပြုမှုကို အရှိန်အဟုန်မြှင့်တင်ရန် 'AI-first' မဟာဗျူဟာကို ထုတ်ဖော် ခဲ့ပြီး၊ စစ်မက်ရေးရာဝန်ကြီး (Secretary of War) Pete Hegseth က အီလွန်မက်၏ Grok အပါအဝင် ထိပ်တန်း AI မော်ဒယ်များကို ကာကွယ်ရေး ကွန်ရက်များအတွင်း ပေါင်းစပ်ထည့်သွင်းမည့် အစီအစဉ် များကို ကြေညာခဲ့သည်။

ကိုးကား - RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂