အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ရုရှားသမ္မတ ပူတင်နှင့် အီရန်လုံခြုံရေးအရာရှိချုပ် မော်စကိုတွင် တွေ့ဆုံ

News Image

  • အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ရုရှားသမ္မတ ပူတင်နှင့် အီရန်လုံခြုံရေးအရာရှိချုပ် မော်စကိုတွင် တွေ့ဆုံ

အီရန်နိုင်ငံအတွင်း မငြိမ်မသက်မှုများနှင့် အမေရိကန်၏ စစ်ရေးခြိမ်းခြောက်မှုများ ပြင်းထန်နေချိန်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် သည် အီရန်အမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလီ လာရီဂျာနီ အား ကရင်မလင်နန်းတော်တွင် သောကြာနေ့ (ဇန်နဝါရီ ၃၀) က လက်ခံတွေ့ဆုံခဲ့သည်။ ကြိုတင်ကြေညာထားခြင်းမရှိသည့် ထိုအဆင့်မြင့်တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတွင်းအရေးပါသောကိစ္စရပ်များကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အီရန်အဓိပတိ၏ ဝါရင့်အကြံပေးဖြစ်သူ လာရီဂျာနီသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းကတည်းက အီရန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံထားရသူဖြစ်သည်။ အီရန်အစိုးရက အဆိုပါ ဆန္ဒပြပွဲများသည် ပြည်ပမှ လက်နက်တပ်ဆင်ပေးထားသည့် သောင်းကျန်းသူများ၏ ပယောဂကြောင့်ဖြစ်သည်ဟု တုံ့ပြန်ထားပြီး၊ ရုရှားသမ္မတ ပူတင်ကလည်း ၎င်း၏ အီရန်သမ္မတနှင့် ဖုန်းဖြင့်ဆက်သွယ်ကာ နှစ်နိုင်ငံ ခိုင်မာသည့် ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုထားသည်။

တစ်ဖက်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အပေါ် နျူကလီးယား သဘောတူညီချက်အသစ်အတွက် ဖိအားပေးရန် ရေတပ်စစ်သင်္ဘောအုပ်စုကြီးကို ဒေသတွင်းသို့ စေလွှတ်ထားသည်။ အမေရိကန်ဘက်မှ အီရန်၏ လုံခြုံရေးတပ်ဖွဲ့များ၊ နျူကလီးယား စခန်းများနှင့် အစိုးရအရာရှိများကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော သတင်းများထွက်ပေါ်နေသဖြင့် အီရန်ဘက်ကလည်း မိမိကိုယ်ကိုယ် အစွမ်းကုန်ကာကွယ်သွားမည်ဟု တုံ့ပြန်ထားသည်။ လက်ရှိတွင် နှစ်ဖက်စလုံးက စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ပြင်ဆင်နေကြသဖြင့် ဒေသတွင်း၌ စစ်ရေးပဋိပက္ခများ ပေါက်ကွဲထွက်လာမည်ကို နိုင်ငံတကာက စိုးရိမ်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂