အမေရိကန်က အစ္စရေးနှင့် ဆော်ဒီအာရေဗျတို့သို့ ဒေါ်လာ ဘီလီယံချီတန်ဖိုးရှိ လက်နက်များရောင်းချရန် အတည်ပြု
အမေရိကန်အစိုးရသည် အီရန်နှင့် တင်းမာမှုများမြင့်တက်နေသည့် အခြေအနေတွင် အစ္စရေးနိုင်ငံသို့ ဒေါ်လာ ၆.၅ ဘီလီယံကျော် တန်ဖိုးရှိသော စစ်လက်နက်ပစ္စည်းများ အသစ်ရောင်းချရန် အတည်ပြုလိုက်ကြောင်း ဝါရှင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့က သောကြာနေ့ (ဇန်နဝါရီ ၃၀) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ လက်နက်အစုအဝေးတွင် ဒေါ်လာ ၃.၈ ဘီလီယံတန်ဖိုးရှိ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ ဒေါ်လာ ၁.၉၈ ဘီလီယံတန်ဖိုးရှိ စစ်ဘက်သုံးယာဉ်များနှင့် သံချပ်ကာလူတင်ယာဉ်များအတွက် အင်ဂျင်ပိုင်းဆိုင်ရာများပါဝင်ကာ Boeing နှင့် Lockheed Martin ကဲ့သို့သော ကုမ္ပဏီကြီးများက အဓိကတာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ ပင်တဂွန်၏ အဆိုအရ ယခုရောင်းချမှုသည် အစ္စရေး၏ နယ်စပ်ကာကွယ်ရေးနှင့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်စွမ်းကိုမြှင့်တင်ရန်ဖြစ်ပြီး ဒေသတွင်းစစ်ရေး ချိန်ခွင်လျှာကို ထိခိုက်စေမည်မဟုတ်ကြောင်း သိရှိရသည်။
ယခုလက်နက်ရောင်းချမှုသည် ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသား ၇၀,၀၀၀ ခန့် သေဆုံးခဲ့ကြောင်း အစ္စရေးစစ်ဘက်က လက်ခံခဲ့သည့်သတင်းများ ထွက်ပေါ်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က အရပ်သားသေဆုံးမှုများကြောင့် အစ္စရေးသို့ လက်နက်ပေးပို့မှုအချို့ကို ကန့်သတ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ် မတ်လတွင် သမ္မတ ဒေါ်နယ်ထရမ့် ရာထူးသို့ ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းထိုကန့်သတ်ချက်များကို "နိုင်ငံရေးအရ အခြေအမြစ်မရှိသော စည်းကမ်းချက်များ" ဟုဆိုကာ ပယ်ဖျက်ခဲ့သည်။ သမ္မတထရမ့်သည် မိမိကိုယ်ကိုယ်အစ္စရေး၏ အခိုင်မာဆုံးထောက်ခံသူအဖြစ်ပြသခဲ့ပြီး အီရန်ရှိ ဆန္ဒပြသူများကိုကူညီရန်နှင့် လိုအပ်ပါက စစ်ရေးအရအရေးယူရန်အတွက်လည်း လမ်းဖွင့်ထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်သည် ဆော်ဒီအာရေဗျနိုင်ငံသို့လည်း Patriot ဒုံးကျည် ၇၃၀ စင်းအပါအဝင် ဒေါ်လာ ၉ ဘီလီယံခန့် တန်ဖိုးရှိသော စစ်လက်နက်များရောင်းချရန် သီးခြားအတည်ပြုခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်သည် NATO အဖွဲ့ဝင်မဟုတ်သော အဓိက မဟာမိတ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ၏ လုံခြုံရေးကို မြှင့်တင်ပေးခြင်းဖြင့် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးရည်မှန်းချက်များကို အထောက်အကူပြုရန် ရည်ရွယ်ခြင်းဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် ဝါရှင်တန်၏ ယခုခြေလှမ်းများသည် အရှေ့အလယ်ပိုင်းရှိ ၎င်း၏ မဟာမိတ်နိုင်ငံများကို စစ်ရေးအရ အင်အားတောင့်တင်းစေရန်နှင့် အီရန်၏ ခြိမ်းခြောက်မှုများကိုတန်ပြန်ရန် ရည်မှန်းထားကြောင်း တွေ့ရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
