Starlink စနစ်တပ်ဆင်ထားသည့် ရုရှားဒရုန်းများကို တုံ့ပြန်တိုက်ခိုက်မည့် အစီအစဉ်များကို ယူကရိန်း ထုတ်ဖော်ပြောကြား
ရုရှားတပ်ဖွဲ့ဝင်များက Starlink နည်းပညာကို အသုံးပြု၍ ဒရုန်း (UAV) များကို ထိန်းချုပ်နေခြင်းကိုတားဆီးရန်အတွက် ယူကရိန်းနိုင်ငံအတွင်း လိုင်စင်ရရှိထားသည့် Starlink စက်ပစ္စည်းများသာ အလုပ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီး Mykhailo Fedorov က ရုရှား၏ Starlink ဂြိုဟ်တုအင်တာနက်အသုံးပြုမှုကို တုံ့ပြန်ရန်အတွက် SpaceX ကုမ္ပဏီနှင့်ညှိနှိုင်းကာ ပထမအဆင့်လုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ဝန်ကြီး Fedorov က အဆိုပါကြိုးပမ်းမှုသည် ရလဒ်လျင်မြန်စွာ ထွက်ပေါ်နေပြီဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ၎င်းက "နောက်တစ်ဆင့်အနေဖြင့် ယူကရိန်း ပိုင်နက်အတွင်းမှာ မှတ်ပုံတင်ထားသည့် လိုင်စင်ရစက်တွေပဲ အလုပ်လုပ်နိုင်အောင် စနစ်တစ်ခုကို ဖြန့်ကြက်သွားမှာ ဖြစ်ပါသည်" ဟု ပြောကြားခဲ့သည်။
ဝန်ကြီး Fedorov ၏ ပြောကြားချက်အရ ယူကရိန်းရှိ Starlink အသုံးပြုသူများအတွက် စက်ပစ္စည်းများ စစ်ဆေးအတည်ပြုခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို အာဏာပိုင်များက လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။ အတည်ပြုချက်မရှိသောစက်များကို လိုင်းဖြတ်တောက်သွားမည်ဖြစ်ပြီး "မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်သည် အသုံးပြုသူများအတွက် ရိုးရှင်း မြန်ဆန်ပြီး အဆင်ပြေစေမှာပါ" ဟု ၎င်းက ဆိုကာ SpaceX ၏ ပူးပေါင်းဆောင်ရွက်မှုကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
SpaceX ပိုင်ရှင် Elon Musk ကလည်း ရုရှားမှ Starlink ကိုသုံး၍ ဒရုန်းများထိန်းချုပ်နေခြင်းကို တားဆီးရန်အစီအမံများ လုပ်ဆောင်ထားကြောင်းအတည်ပြုခဲ့သည်။ ဝန်ကြီး Fedorov ၏ လူမှုကွန်ရက် X ပေါ်မှ ပို့စ်တစ်ခုအောက်တွင် Musk က "ကျွန်တော်တို့ လုပ်ဆောင်ထားသည့် အစီအမံတွေက ထိရောက်ပုံရပါသည် ၊ နောက်ထပ် လုပ်ဆောင်ပေးရန် လိုအပ်တာရှိရင်လည်း အသိပေးပါ" ဟု မှတ်ချက်ပေးခဲ့သည်။
စစ်ပွဲကြောင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ဆိုးရွားစွာ ပျက်စီးသွားသဖြင့် ယူကရိန်းသည် Starlink ကို အလွန်အမင်း အမှီပြုနေရသည်။ ၎င်းကို အရပ်ဘက်နှင့် စစ်ဘက်ကဏ္ဍနှစ်ခုလုံးတွင် အသုံးပြုနေပြီး ယူကရိန်းတပ်ဖွဲ့များအကြား ဆက်သွယ်ရေးနှင့် ဒရုန်းများကို အဝေးမှထိန်းချုပ်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။
အမေရိကန်အခြေစိုက် စစ်ပွဲလေ့လာရေးတပ်ဖွဲ့ (ISW) ၏အဆိုအရ ရုရှားစစ်တပ်သည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် Geran အသေခံဒရုန်းများ၌လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် Molniya-2 အသေခံဒရုန်းများ၌လည်းကောင်း Starlink စက်များကို တပ်ဆင်ခဲ့သည်ဟု ဆိုသည်။ Starlink ချိတ်ဆက်မှုကြောင့် ရုရှားဒရုန်းများသည် ၎င်းတို့ကိုထိန်းချုပ်သူများနှင့် ပိုမိုကောင်းမွန်သော ဆက်သွယ်မှုကိုရရှိစေပြီး ယူကရိန်း၏ လျှပ်စစ်သံလိုက်လှိုင်းဖြင့် နှောင့်ယှက်ခြင်း (Jamming) ကိုလည်း ပိုမိုခံနိုင်ရည်ရှိစေခဲ့သည်။
မကြာသေးမီက ရုရှားသည် Starlink စနစ်တပ်ဆင်ထားပြီး ကီလိုမီတာ ၅၀၀ (မိုင် ၃၁၀) အထိ ပျံသန်းနိုင်သော BM-35 အသေခံဒရုန်းများကို အသုံးပြု၍ ယူကရိန်း၏ တန်ဖိုးကြီးလက်နက်များဖြစ်သော Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်နှင့် HIMARS ဒုံးပစ်စင်များကို ရှာဖွေတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။
လွန်ခဲ့သည့် သီတင်းပတ်က Starlink နည်းပညာသုံး BM-35 ဒရုန်းများသည် ယူကရိန်း၏ ရှေ့တန်းနောက်ကွယ်ရှိ နက်ရှိုင်းသော ပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာတွင် Su-27 တိုက်လေယာဉ်ကြီး နှစ်စင်းနှင့် F-16 လေ့ကျင့်ရေးပုံစံတူ (Mock-up) နှစ်စင်းတို့ကို ထိမှန်စေခဲ့သည်။ ထို့အပြင် ဇန်နဝါရီလ ၂၆ ရက်နေ့က အဆိုပါဒရုန်းများသည် ကိယက်ဗ်မြို့ အထက်တွင် ပစ်ချမခံရဘဲ နာရီပေါင်းများစွာကြာအောင် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နိုင်ခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,
,
,
,
,
,
,