အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မေ ၇ ရက် မွန်းလွဲ ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ တောင်လယ်တောကျေးရွာနေ ကိုပြည့်ဖြိုးလှိုင်(၂၉)နှစ်သည် တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးပြေသောင်း(၇၁)နှစ်၊ ဦးပေါ်ဦး(၄၅)နှစ်၊ ဦးလင်းစန်း(၃၈)နှစ်နှင့် မောင်ဟိန်းဝဏ္ဏအောင်(၁)နှစ်ခွဲတို့နှင့်အတူ အဆိုပါကျေးရွာရှိ ၎င်းပိုင် “မိုးသူဇာ” လက်ဖက်ရည်ဆိုင်၌ရှိနေစဉ် ဆိုင်ပေါ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဦးပြေသောင်းနှင့် ဦးလင်းစန်းတို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ကိုပြည့်ဖြိုးလှိုင်၊ ဦးပေါ်ဦးနှင့် မောင်ဟိန်းဝဏ္ဏအောင်တို့ သုံးဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး တံတားဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ပြည်သူ့ ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာရှိ ကူးတို့ဆိပ်သို့ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ပစ်ချလိုက်သည့် Drop Bomb တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါနေရာအနီးရောက်ရှိနေကြသည့် ဘွားအေစုကျေးရွာနေ ဦးကျော်ထွန်း(၄၅)နှစ်နှင့် ဖြူးမြို့နယ်၊ သစ်ချောက်ခင်ကျေးရွာနေ မောင်အာဇာနည်(၁၂)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့် ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
