FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ထရမ့်ကို ငြိမ်းချမ်းရေးဆုပေးအပ်ခြင်းအပေါ် ခုခံကာကွယ်ပြောကြား
ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ရန်တောင်းဆိုမှုများကို ပယ်ချလိုက်ကာ အပြည်ပြည်ဆိုင်ရာဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အား ငြိမ်းချမ်းရေးဆုပေးအပ်ခဲ့သည့် ၎င်း၏ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ခုခံကာကွယ် ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလက ဝါရှင်တန်ဒီစီတွင်ပြုလုပ်ခဲ့သော ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စုမဲခွဲပွဲ၌ အင်ဖန်တီနိုသည် ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ထရမ့်အား ထိုဂုဏ်ထူးဆောင်ဆုကို ပေးအပ်ခဲ့ခြင်းကြောင့် ဝေဖန်မှုများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
အမေရိကန်တပ်ဖွဲ့များက ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖမ်းဆီးခဲ့ခြင်းနှင့် ထရမ့်က နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် ဆန္ဒရှိနေခြင်းတို့ကြောင့် အခြေအနေများ ပိုမိုတင်းမာနေချိန် တွင် ဖီဖာဥက္ကဋ္ဌ၏အဆိုပါလုပ်ရပ်မှာ ပိုမိုဝေဖန်ခံရဖွယ် ဖြစ်လာခဲ့သည်။ သို့သော်လည်း အင်ဖန်တီနိုက ထရမ့်သည် FIFA ၏ ပထမဦးဆုံးသော ငြိမ်းချမ်းရေးဆုနှင့်ထိုက်တန်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ၎င်းက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) တွင် Sky News သို့ ပြောကြားရာ၌ “ဓမ္မဓိဋ္ဌာန်ကျကျပြောရလျှင် ၎င်းသည် ထိုဆုနှင့် ထိုက်တန်ပါသည် ၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ မည်မျှပင်လုပ်ပေးနိုင်ပါစေ လုပ်ဆောင်သင့်ပါသည် ၊ ထို့ကြောင့်လည်း တစ်ခုခုကို စွမ်းဆောင်နိုင်သည့်သူတွေကို ဆုချီးမြှင့်ဖို့ ကျွန်တော်တို့ စဉ်းစားခဲ့တာပါ” ဟု ဆိုသည်။
ထရမ့်အစိုးရ၏ ပြည်တွင်းပြည်ပ မူဝါဒများကြောင့် ယခုနှစ် ဇွန်လ ၁၁ ရက်မှ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကို နိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ဖွယ်ရှိသည် ဟူသောအချက်ကိုလည်း အင်ဖန်တီနိုက ပယ်ချခဲ့သည်။
လက်ရှိတွင် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိုင်တွယ်ပုံများကြောင့် အမေရိကန်မြို့အချို့ (အထူးသဖြင့် မင်နီယာပိုလစ်မြို့) တွင် မငြိမ်မသက်မှုများ ဖြစ်ပွားနေသည်။ သို့သော် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက စီးပွားရေးလုပ်ငန်းများကို နိုင်ငံတစ်ခုအား သပိတ်မှောက်ရန် တောင်းဆိုမှုမျိုး မည်သည့်အချိန်ကမျှ မရှိခဲ့ဘဲ “အဘယ့်ကြောင့် ဘောလုံးကျမှ ဖြစ်ရမှာလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
အသက် ၅၅ နှစ်အရွယ်ရှိ ဥက္ကဋ္ဌက ဆက်လက်၍ “ကွဲပြားမှုတွေနှင့် ရန်လိုမှုတွေ ပြည့်နှက်နေသည့် ဤကမ္ဘာကြီးမှာ ဘောလုံးအပေါ်ထားသည့် ဝါသနာကိုအခြေခံပြီး လူတွေလာရောက်ဆုံစည်းနိုင်မည့်အခွင့်အရေးတွေ ကျွန်တော်တို့ လိုအပ်ပါသည်” ဟု ဖြည့်စွက် ပြောကြားခဲ့သည်။
ထို့အပြင် ဖီဖာနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) တို့အနေဖြင့် ရုရှား နိုင်ငံအား နိုင်ငံတကာပြိုင်ပွဲများတွင် ပြန်လည်ပါဝင်ခွင့်ပြုရန် စဉ်းစားရတော့မည်ဖြစ်ကြောင်းလည်း အင်ဖန်တီနိုက ဆိုသည်။ ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပွဲပယ်ခံထားရခြင်းဖြစ်သော်လည်း ယခုအခါ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီက ရုရှား အသင်းများကို လူငယ်အဆင့်ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခွင့်ပြုရန် အားကစားအဖွဲ့ချုပ်များကို တိုက်တွန်းထားသည်။
“ရုရှားကို ပြန်လည်လက်ခံဖို့ ကျွန်တော်တို့ စဉ်းစားရပါမည် ၊ အသေအချာပါပဲ ၊ ထိုပွဲပယ်ထားမှုက မည်သည့်အရာမျှဖြစ်မလာဘဲ စိတ်ပျက်မှုနှင့် အမုန်းတရားတွေကိုပဲ ပိုတိုးပွားစေခဲ့ပါသည် ၊ ရုရှားက ကလေးငယ်တွေကို ဥရောပ၏ တခြားနေရာတွေမှာ ဘောလုံးကစားခွင့်ပေးတာက အထောက်အကူ ဖြစ်စေမှာပါ” ဟု အင်ဖန်တီနိုက ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
