ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးစစ်ဆေး

News Image

  • ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးစစ်ဆေး

မြစ်ကြီးနား ဇွန် ၁

 

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

ဦးစွာ မြစ်ကြီးနားလေဆိပ်ရှေ့ရှိ ဧရာဝတီပန်းခြံငယ်အတွင်း ပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် အများပြည်သူ ပိုမိုအနားယူ အပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်အလိုက် ထောက်ပံ့ပေးအပ်သည်။

 

ယင်းနောက် မြစ်ကြီးနားမြို့ တပ်ကုန်း(ရာဒါကောင်း-ဘီ)ရပ်ကွက်အတွင်း ကသာမြို့နယ် ပင်းမလွတ်ကျေးရွာမှ ယာယီတိမ်းရှောင်လာခဲ့ကြသော ကသာ ခါနန် ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်၍ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု ၃၀ အတွက် ဆန် ၂၄ ပြည်ပါ အိတ် ၃၀ နှင့် ကလေးများ စာဖတ်ဆောင် ဆောက်လုပ်နိုင်ရေး ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်သည်။

 

ထို့နောက် အဆိုပါရပ်ကွက် ကြာရာပတ္တီး-ဘီအတွင်းပိုင်ရှင် ဦးဘောက်နော် မိသားစုခြံ၌ ကသာမြို့မှ ယာယီတိမ်းရှောင် မိသားစုများနှင့် တွေ့ဆုံ၍ ယာယီနေအိမ်တန်းလျားများ အမြန်ဆုံး တည်ဆောက်ပြီးစီးရေးအတွက် ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ ပေးအပ်ပြီး အိမ်ထောင်စု ၅၅ စုအတွက် ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)

MDN