ယာဉ်အစီးရေ(၁၀ဝဝဝ)ကျော်တင်ဆောင်နိုင်သည့် ကမ္ဘာ့အကြီးဆုံးယာဉ်တင်သင်္ဘောကြီး
Guangzhou Shipyard Interna tional ကုမ္ပဏီသည် EV ယာဉ်များ၊ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးယာဉ်များနှင့် ကြီးမားသောထရပ်ကားများအပါအဝင်ယာဉ်အမျိုးမျိုးကို သယ်ယူပို့ဆောင်နိုင်စွမ်းရှိသည့် အရှည်(၂၃၀)မီတာ၊ အကျယ်(၄၀)မီတာရှိသော ကမ္ဘာ့အကြီးဆုံးယာဉ်တင်သင်္ဘောကြီးကို မကြာသေးမီက တည်ဆောက်ပြီးစီးခဲ့ကြောင်းသိရသည်။ Pure Car and Truck Carrier (PCTC) အဖြစ်ဖော်ပြထား သော Glovis Leader ဟု အမည်ပေးထားသည့် သင်္ဘောအသစ်ကြီးကို တောင်ကိုရီးယားကား ကုမ္ပဏီ ဟွန်ဒိုင်းက မှာယူခဲ့ခြင်းဖြစ်ပြီး China State Shipbuilding Corporation (CSSC) လက်အောက်ရှိ Guangzhou Shipyard International Company Limited နှင့် China Shipbuilding Trading Co. Ltd တို့က သတ်မှတ်ထားသည့် အချိန်ဇယားထက်စောကာ တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ Glovis Leader သင်္ဘောကြီးသည် အရှည်(၂၃၀)မီတာ၊ အကျယ် (၄၀)မီတာနှင့် မြန်နှုန်းမှာ(၁၉) knots ရှိကြောင်းလည်းသိရသည်။ ၎င်းတွင် ယာဉ်အစီးရေ(၁၀၈၀ဝ)အထိ တင်ဆောင်နိုင်သော သီးသန့်ကုန်းပတ် (၁၄)ခုပါရှိပြီး တည်ဆောက်ခဲ့ဖူးသမျှထဲတွင် အကြီးဆုံး ယာဉ်တင်သင်္ဘောကြီးဖြစ်လာခဲ့ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့အကြီးဆုံးကားနှင့် ထရပ်ကားတင် သင်္ဘောအဖြစ် Höegh Aurora သင်္ဘောက စံချိန်တင်ခဲ့သော်လည်း ၎င်းတွင် ယာဉ်အစီးရေ(၉၁၀ဝ)သာ တင်ဆောင်နိုင်ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် Glovis Leader သင်္ဘောကြီးက Höegh Aurora သင်္ဘောထက် သိသိသာသာပိုမိုကြီးမားကာ Höegh Aurora သင်္ဘောက တင်ဆောင်နိုင်သည့် ယာဉ်အစီးရေထက် (၁၇၀ဝ) စီး ပိုများအောင် တင်ဆောင်နိုင်စွမ်းရှိကြောင်းလည်းသိရသည်။
