အမေရိကန်ဒေါ်လာ သန်း(၅၀ဝ)ကျော်ဖြင့် ရောင်းချခဲ့သည့် မိုနာကိုနိုင်ငံရှိ ကမ္ဘာ့ဈေးအကြီးဆုံး တိုက်ခန်း

News Image

  • အမေရိကန်ဒေါ်လာ သန်း(၅၀ဝ)ကျော်ဖြင့် ရောင်းချခဲ့သည့် မိုနာကိုနိုင်ငံရှိ ကမ္ဘာ့ဈေးအကြီးဆုံး တိုက်ခန်း

မိုနာကိုနိုင်ငံတွင် ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ရာအချို့ရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံးတိုက်ခန်းကို ရောင်းချခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ကြောင်းသိရသည်။ ယူကရိန်း၏အချမ်းသာဆုံးပုဂ္ဂိုလ် ရီနတ် အက်ခ်မက်တော့ဗ် ပိုင်ဆိုင်သောကုမ္ပဏီ System Capital Management (SCM) သည် Le Renzo အဆောက်အအုံရှိ အခန်း(၂၁)ခန်းပါသောတိုက်ခန်းကို အမေရိကန်ဒေါ်လာသန်း(၅၀ဝ)ကျော်ဖြင့်ဝယ်ယူခဲ့ပြီးနောက် စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့ဈေးအကြီးဆုံး တိုက်ခန်းသည် မိုနာကိုကမ်းစပ်ရှိ သီးသန့်အဆောက်အအုံတစ်ခု၏ အပေါ်ဆုံးတွင်ရှိကာ ဧရိယာစတုရန်း ပေ(၂၆၉၀ဝ) ကျော်ကျယ်ဝန်းပြီး ပင်လယ်ပြင်၏လှပသောမြင်ကွင်းများကို ပေးစွမ်းနိုင်ကြောင်းသိရသည်။ အဆိုပါ တိုက်ခန်းတွင် အခန်း(၂၁)ခန်း၊ သီးသန့်ကားပါကင်နေရာ(၈)ခု၊ မြေထဲပင်လယ်၏ တိုက်ရိုက်မြင်ကွင်းများကိုမြင်တွေ့နိုင်သော လသာဆောင်များစွာ၊ သီးသန့်ရေကူးကန်၊ ပရီမီယံပရိဘောဂများနှင့် ခေတ်မီအိမ်တွင်း အလိုအလျောက်နည်းပညာများပါဝင်ကြောင်း သိရသည်။

ဗာတီကန်စီးတီးပြီးလျှင် ဒုတိယမြောက် ကမ္ဘာ့အသေးဆုံးနိုင်ငံဖြစ်သော မိုနာကိုနိုင်ငံသည် ကမ္ဘာ့အမြင့်ဆုံးအိမ်ခြံမြေဈေးနှုန်းများထဲမှ အချို့ကိုပိုင်ဆိုင်ထားပြီး ပြီးခဲ့သည့်နှစ်တွင် တစ်စတုရန်းမီတာလျှင် ခန့်မှန်းဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ(၈၂၃၀ဝ)ဒေါ်လာကျော်ရှိကြောင်းသိရသည်။ ထို့ပြင် အဆိုပါတိုက်ခန်း၏ အပြင်အဆင်သည် မြေထဲပင်လယ်ရှိ ဇိမ်ခံတိုက်ခန်းအဆောက်အအုံတစ်ခု၏ အပေါ်ဆုံးရှိ ငါးထပ်အိမ်ကြီးနှင့်ဆင်တူကြောင်းလည်း သိရသည်။

Np News