မြန်မာနိုင်ငံရှိ လင်းတမျိုးစိတ်များ မျိုးတုံးမှုအန္တရာယ် ကြုံတွေ့နေရ

News Image

  • မြန်မာနိုင်ငံရှိ လင်းတမျိုးစိတ်များ မျိုးတုံးမှုအန္တရာယ် ကြုံတွေ့နေရ

မြန်မာနိုင်ငံရှိ လင်းတမျိုးစိတ်များ မျိုးတုံးမှုအန္တရာယ်ကြုံတွေ့နေရကြောင်း ငှက်မျိုးစိတ်များ အကြောင်းသိရှိသူတစ်ဦးက NP News သို့ပြောသည်။

မြန်မာနိုင်ငံတွင်ကျက်စားသော လင်းတ မျိုးစိတ် (၆)မျိုးရှိသည့်အနက် လင်းတကျောဖြူ၊ လင်းတ နှုတ်သီးရှည်၊ လင်းတခေါင်းနီမျိုးစိတ်မှာ သားပေါက်နေထိုင်သော ဌာနေငှက်မျိုးစိတ်ဖြစ်ပြီး ၎င်းတို့ကို အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များထိန်းသိမ်းရေးအဖွဲ့ (IUCN) တွင် မျိုးတုံးရန် အန္တရာယ်ရှိမျိုးစိတ်အဖြစ်သတ်မှတ်ထားကြောင်း သိရသည်။ လင်းတငှက်များသည် အခြားသားရဲ တိရစ္ဆာန်များဖြစ်သော စွန်ငှက်၊ သိမ်းငှက်၊ လင်းယုန် ငှက်ကဲ့သို့ အကောင်အရှင်များကို ဖမ်းစားခြင်းမရှိ ဘဲ သတ္တဝါ အသေကောင်များကိုသာ စားသောက်သဖြင့် အပုပ်အသိုး သုတ်သင်ရှင်းလင်းရာတွင် များစွာ အကူအညီရကြောင်း သိရသည်။ ထိုသို့ အပုပ်အသိုးများကို စားသောက်ပေးသောကြောင့် အသေကောင်များမှ ပိုးမွှားများ လူနှင့်တိရစ္ဆာန်များသို့ ကူးစက်ပြန့်ပွားမှုမရှိဘဲ ကာကွယ်ပေးသဖြင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို အကျိုးပြုနေသော ငှက်ဖြစ်ကြောင်းလည်း သိရသည်။

“လင်းတကတော့ မျိုးပြုတ်တော့မယ်။ သူ ကနာမည်သာဆိုးတာ တကယ်ကျတော့ လူကို ဘာမှအန္တရာယ်ပေးတာမဟုတ်ဘူး။ သူကရုပ်ဆိုးတယ်။ နောက်တစ်ချက်က ကိုယ်တွေက အသေကောင်နား မှာတွေ့တဲ့အကောင်ကျတော့ သူ့ကို နိမိတ်မရှိဘူး။ အယူအဆရှိတာပေါ့။ ဒါတွေက ရုပ်ဆိုးလို့ ကံဆိုးသွားတာပေါ့။ တချို့ငှက်တွေလည်း အသံဆိုးတာနဲ့ ငှက်ဆိုးတွေဖြစ်ရတာပါပဲ။ ငှက်တွေက လူကိုအန္တရာယ်ပေးတာမဟုတ်ဘူး။ အကျိုးတောင်ပေးသေးတာ” ဟု ၎င်းကပြောသည်။ လင်းတငှက်များသည် မြန်မာ နိုင်ငံ အနှံ့အပြားတွင် ကျက်စားလေ့ရှိသော်လည်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးတွေ့နိုင်ကြောင်း သိရသည်။ “မြန်မာနိုင်ငံမှာဆိုရင် အမျိုးအစားအလိုက်ပေါ့။ လင်းတ ခေါင်းနီဆိုရင် မြန်မာနိုင်ငံမှာ နောက်ပိုင်း Record ရှိတာ နှစ်ကောင်၊ သုံးကောင်ပဲ။ အဲဒီကောင် တွေဆိုရင် ရန်ကုန်နယ်နိမိတ်မှာ ပေါပေါများများ အခုတော့ကုန်ပြီလေ။ အဓိကကတော့ အစားအ သောက် ရှားလာတာပေါ့”ဟု ၎င်းကဆက်လက်ပြောသည်။

ထို့ပြင် ဟိမဝန္တာလင်းတ၊ လင်းတမည်း မျိုးစိတ်များသည် မြန်မာနိုင်ငံသို့ ဆောင်းလာခိုသော ဆောင်းခိုငှက်များဖြစ်ပြီး လင်းတဖြူမျိုးစိတ်အနေဖြင့် ပုံမှန်လာရောက် ဆောင်းခိုလေ့မရှိကြောင်း သိရသည်။ ပြီးခဲ့သည့် (၂၀၂၄) ခုနှစ် ဇန်နဝါရီလက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာ နှင်းဆီအိမ်ရာတိုက်အမိုးတစ်ခုပေါ်သို့ လင်းတ အကောင်ရေ (၅၀)ခန့် ခေတ္တခဏလာရောက် ဆောင်းခိုရာတွင် နိမိတ်မကောင်းဘူးဟုဆိုကာ လူအချို့က ရိုက်သတ်လိုက်၍ (၃)ကောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် (၂၀၁၂) ခုနှစ်တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားပေါ်သို့ ဟိမဝန္တာ လင်းတငှက် (၆) ကောင်ခန့် ဆောင်းလာခိုသည့်ဖြစ်စဉ်လည်း ရှိခဲ့ သည်။ ယခုလ မတ်လ (၁၇)ရက်ခန့်က ချင်းပြည်နယ် တီးတိန် မြို့နယ်၊ ကနေဒီတောင်အနီးတစ်ဝိုက်နှင့် ဇောင်ကောင်ရွာအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကနေဒီတောင်နှင့် အနီးတစ်ဝိုက်တွင် လင်းတငှက်များ သွားလာနေသည့် ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ သည်။ အဆိုပါဗီဒီယိုဖိုင်သည့် ကားပေါ်မှ ရိုက်ကူးထားခြင်းဖြစ်ကာ လင်းတ (၁၀) ကောင်ခန့် မြေပြင်တွင်လမ်းလျှောက်အရှိန်ယူပြီး ပျံသန်းသွားသည်ကိုတွေ့မြင်ရသည်။ ယခုနှစ်သည် နွားနောက်များ အနာကျသဖြင့် သေဆုံးမှုများရှိနေသည့်အပြင် တိုက်ပွဲအတွင်း သေဆုံးခဲ့သောအလောင်းများလည်းရှိနေခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ထားသည်။

Np News