မြန်မာ့အရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့အနေဖြင့် လုပ်ငန်းစဉ်များကို ပြင်ဆင်ပြောင်းလဲရမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြား
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးသွားပြီးနောက် အာဆီယံအနေဖြင့် မြန်မာ့အရေးချဉ်းကပ်ဆောင်ရွက်ပုံကို ပြန်လည်ချိန်ညှိရန် ထိုင်းနိုင်ငံက တိုက်တွန်းလျက်ရှိပြီး အကယ်၍ အခြေအနေနှင့်အညီ ပြုပြင်ပြောင်းလဲရန်ပျက်ကွက်ပါက အာဆီယံအဖွဲ့၏ အရေးပါမှု လျော့နည်းသွားနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၌ ကြာသပတေးနေ့ (ဇန်ဝါရီ ၂၉) က ပြုလုပ်ခဲ့သည့် မြန်မာ့အရေး အဓိကဆွေးနွေးခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး (Retreat) တွင် နိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။၎င်းက ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ထိုနေရာရှိ ကြာရှည်နေပြီဖြစ်သော မတည်ငြိမ်မှုများ၏ တိုက်ရိုက်သက်ရောက်မှုကို ခံနေရသည့်အတွက် ထိုင်းနိုင်ငံအား "ရှေ့တန်းမျက်နှာစာ နိုင်ငံ" ဟု ခေါ်ဆိုခဲ့သည်။
အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်အောက်တွင် ကြိုးပမ်းမှုများရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ် တပ်မတော်က အာဏာထိန်းသိမ်းခဲ့ပြီးကတည်းက အကြမ်းဖက်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း Sihasak က ပြောကြားခဲ့သည်။ အဆိုပါ ဘုံသဘောတူညီချက်သည် အသုံးဝင်သော အခြေခံ အုတ်မြစ်တစ်ခုအဖြစ် ရှိနေဆဲဖြစ်သော်လည်း လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်သော တိုးတက်မှု အနည်းငယ်သာရှိခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီးခဲ့ပြီဖြစ်၍ အာဆီယံအနေဖြင့် ၎င်း၏ အခန်းကဏ္ဍကို ပြန်လည်ဆန်းစစ်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။ "အာဆီယံအနေနှင့် ရွေးကောက်ပွဲကို အပြည့်အဝ ထောက်ခံခြင်းမျိုး သို့မဟုတ် တိုက်ရိုက်ပယ်ချခြင်းမျိုး မလုပ်သင့်ပါ" ဟု ၎င်းက ဆိုကာ အဆိုပါ မဲပေးမှုကို ဦးသိန်းစိန်အစိုးရလက်ထက်ကမြင်တွေ့ခဲ့ရသည့် ပြုပြင်ပြောင်းလဲမှုများကဲ့သို့ပင် နိုင်ငံရေးဆွေးနွေးပွဲများအတွက် ဖြစ်နိုင်ခြေရှိသော အစပျိုးမှုတစ်ခုအဖြစ် သဘောထားသင့်ကြောင်း အကြံပြုခဲ့သည်။
အာဆီယံအနေဖြင့် "နှစ်ဦးနှစ်ဖက် အပြန်အလှန်လုပ်ဆောင်မှု" (Two-way street) ထိတွေ့ဆက်ဆံရေး မဟာဗျူဟာကိုကျင့်သုံးရန် ထိုင်းနိုင်ငံက အဆိုပြုခဲ့သည်။ ယင်းဗျူဟာအရ အကြမ်းဖက်မှုများ လျှော့ချခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးမှုများ စတင်ခြင်းကဲ့သို့သော မြန်မာအစိုးရ၏ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် လုပ်ဆောင်ချက်များရှိလာမှသာ ဆက်ဆံရေးအသစ်များကို ပြန်လည်စတင်မည်ဖြစ်သည်။
Sihasak က အားလုံးပါဝင်နိုင်သည့် ဆွေးနွေးပွဲများ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အာဆီယံအား အပြည့်အဝခွင့်ပြုပေးရန်နှင့် ယုံကြည်မှုတည်ဆောက်သည့် အစီအစဉ်များအဖြစ် ရွေးချယ်ထားသော တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် ညှိနှိုင်းမှုများစတင်ရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့သည်။ အဆိုပါခြေလှမ်းများသည် နေပြည်တော်၏ တုံ့ပြန်ဆောင်ရွက်မှု ရှိ၊ မရှိကို တိုင်းတာသည့် အညွှန်းကိန်းများ ဖြစ်လာလိမ့်မည်ဟု ၎င်းက ဆိုသည်။
အကယ်၍ အာဆီယံက ပြတ်ပြတ်သားသားလုပ်ဆောင်ရန် ပျက်ကွက်ပါက တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် အမေရိကန် အပါအဝင် ပြင်ပ အင်အားကြီးနိုင်ငံများက ထိုလစ်ဟာမှုကို ဝင်ရောက်ဖြည့်ဆည်းလာမည်ဖြစ်ပြီး ယင်းက အာဆီယံအဖွဲ့၏ ရေရှည်တည်ငြိမ်မှုနှင့် ဗဟိုချက်ကျမှုကို ထိခိုက်စေလိမ့်မည်ဟု ၎င်းက သတိပေးခဲ့သည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့်အတူ နှစ်စဉ်အပြောင်းအလဲလုပ်နေသော အာဆီယံအထူးသံတမန်ယန္တရားကိုလည်း ပြုပြင်ပြောင်းလဲရန်တောင်းဆိုခဲ့ပြီး ထိုသို့ အလှည့်ကျစနစ်မှာ လုပ်ငန်းစဉ်အဆက်မပြတ်မှုကို အားနည်းစေကြောင်း ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
