အက်ပ်စတိန်းနှင့် ရင်းနှီးမှုမရှိကြောင်း သမ္မတထရမ့် ငြင်းဆိုပြီး ဂျာနယ်လစ် မိုက်ကယ်ဝုဖ်ကို တရားစွဲမည်ဟုဆို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းသည် ကွယ်လွန်သူ လိင်မှုဆိုင်ရာပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ရင်းနှီးသည့်ဆက်ဆံရေးမျိုးမရှိခဲ့ကြောင်းနှင့် ၎င်းတို့သည် မိမိ၏ နိုင်ငံရေးအောင်မြင်မှုကိုဖျက်ဆီးရန် ကြံစည်ခဲ့ခြင်းသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလက သမ္မတထရမ့်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည့် "အက်ပ်စတိန်း ဖိုင်များ ပွင့်လင်းမြင်သာမှု အက်ဥပဒေ" အရ တရားရေးဌာနမှ ထုတ်ပြန်လိုက်သော စာမျက်နှာ ၃ သန်းကျော် ပါဝင်သည့် အချက်အလက်များတွင် ထရမ့်၏ အမည်ကို အကြိမ်ရေ ၃,၀၀၀ ခန့် တွေ့ရှိရပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားရာတွင် အဆိုပါ ဖိုင်များအရ အက်ပ်စတိန်းနှင့် ဂျာနယ်လစ် မိုက်ကယ်ဝုဖ် (Michael Wolff) တို့သည် ၎င်း၏ သမ္မတသက်တမ်းကိုထိခိုက်စေရန် ပူးပေါင်းကြံစည်ခဲ့ကြကြောင်း စွပ်စွဲခဲ့သည်။ ထို့ပြင် နာမည်ပျက်ဖြင့် ကျော်ကြားသည့် အက်ပ်စတိန်း၏ ကျွန်းသို့ ၎င်းအနေဖြင့်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်းနှင့် အဆိုပါကျွန်းသို့ ဒီမိုကရက်တစ်ပါတီဝင်များနှင့် ၎င်းတို့၏ အလှူရှင်များသာ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။ အက်ပ်စတိန်းသည် ၂၀၁၉ ခုနှစ်တွင် လိင်ကုန်ကူးမှု စွဲချက်များဖြင့် တရားရင်ဆိုင်ရန်စောင့်ဆိုင်းနေစဉ် အကျဉ်းထောင်အတွင်း သေဆုံးခဲ့သူ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ ဂျာနယ်လစ် မိုက်ကယ်ဝုဖ်က အက်ပ်စတိန်း အနေဖြင့် ထရမ့်အကြောင်း သိရှိထားသည့်လျှို့ဝှက်ချက်များကို လူသိရှင်ကြားထုတ်ဖော်ရန် ၎င်းကတိုက်တွန်းခဲ့ဖူးကြောင်း ဝန်ခံခဲ့သည်။ ၂၀၁၆ ခုနှစ်က ပေးပို့ခဲ့သော အီးမေးလ်များတွင် ဝုဖ်က အက်ပ်စတိန်းကို ထရမ့်၏ မဲဆွယ်စည်းရုံးမှုကို အဆုံးသတ်နိုင်မည့်လက်နက်တစ်ခုအဖြစ် အသုံးချရန်ရည်ရွယ်ခဲ့ခြင်းကြောင့် ထရမ့်က ဝုဖ်ကို တရားစွဲဆိုသွားမည် ဟု ကတိပြုထားသည်။
အဆိုပါ အက်ပ်စတိန်းဖိုင်များတွင် ဘီလ်ကလင်တန်၊ ဘီလ်ဂိတ်နှင့် အီလွန်မက် အပါအဝင် အမေရိကန်၏ ထင်ရှားကျော်ကြားသူ အများအပြားနှင့် ဆက်သွယ်ခဲ့သည့် အထောက်အထားများလည်း ပါဝင်နေကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
