ပနားမားဆိပ်ကမ်းစီမံကိန်း ရပ်ဆိုင်းခံရမှုအပေါ် တရုတ်ဘက်မှ ပြင်းထန်စွာ တုံ့ပြန်ရန် ပြင်ဆင်နေ
ဟောင်ကောင်အခြေစိုက် CK Hutchison ကုမ္ပဏီ၏ လက်အောက်ခံ ဖြစ်သော Panama Ports Company (PPC) ပိုင်ဆိုင်သည့် မဟာဗျူဟာ မြောက် ဆိပ်ကမ်းနှစ်ခု လုပ်ပိုင်ခွင့်ကို ပနားမားတရားရုံးချုပ်က "ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီ" ဟုဆိုကာ ပယ်ဖျက်လိုက်ခြင်းကြောင့် တရုတ် နှင့် ပနားမားအကြား တင်းမာမှုများ မြင့်တက်လာနေသည်။
၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သက်တမ်း ၂၅ နှစ် ထပ်တိုးထားသည့် အဆိုပါစာချုပ် ပယ်ဖျက်ခံရခြင်း သည် အမေရိကန်သမ္မတ ထရမ့်၏ ဖိအားပေးမှုကြောင့်ဖြစ်သည်ဟု ယူဆချက်များ ထွက်ပေါ်နေသည်။
တရုတ်နိုင်ငံ၏ ထင်ရှားသော ပညာရှင်နှင့် အစိုးရမူဝါဒ အကြံပေး တစ်ဦး ဖြစ်သူ ပါမောက္ခ တျန်ဖေးလုံက ထိုလုပ်ရပ်အတွက် ပနားမားအနေဖြင့် "ကြီးလေးသော ပေးဆပ်မှု" ပြုလုပ်ရမည်ဟု သတိပေးလိုက်ပြီး ပနားမား အဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များအပေါ် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ပေကျင်းအစိုးရကို တိုက်တွန်းခဲ့သည်။
၎င်းက အမေရိကန်သည် တရုတ်နိုင်ငံကို လက်တင်အမေရိကဒေသမှ မောင်းထုတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စွပ်စွဲထားပြီး တရုတ် အစိုးရအနေဖြင့် ပနားမားရှိ အမေရိကန်ကိုယ်စားလှယ်များအပေါ် ပိတ်ဆို့မှုများ ပြုလုပ်သင့်သည့်အပြင် လာမည့် ဧပြီလတွင် ပြုလုပ်ရန် စီစဉ်ထားသည့် သမ္မတထရမ့်၏ တရုတ်နိုင်ငံခရီးစဉ်ကိုပင် ရွှေ့ဆိုင်းသင့်ကြောင်း အကြံပြုထားသည်။
လက်ရှိတွင် တရုတ်အစိုးရသည် ၎င်း၏ နိုင်ငံပိုင်ကုမ္ပဏီများအား ပနားမား တွင် စီမံကိန်းအသစ်များအတွက် ညှိနှိုင်းမှုများရပ်တန့်ရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအိုရေးရာရုံးကလည်း ပနားမား၏ ဆုံးဖြတ်ချက်သည် ဥပဒေကြောင်းအရအခြေအမြစ်မရှိဘဲ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အကျိုးဆက်များကို ရင်ဆိုင်ရမည်ဟု ထုတ်ပြန်ထားသည်။ PPC ကုမ္ပဏီဘက်မှလည်း တရားရုံး၏ စီရင်ချက်ကို အယူခံဝင်သွားမည်ဖြစ်ကြောင်း အတည်ပြုထားပြီး အမေရိကန်နှင့် ပနားမားအစိုးရတို့ကမူ ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။
ကိုးကား- VN Express
Photo: Vocal Media
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
