နယ်စပ်ကျူးကျော်ဝင်ရောက်မှု စွပ်စွဲချက်များကြောင့် အာဖရိက ဦးချိုဒေသရှိ အိမ်နီးချင်းနိုင်ငံများအကြား တင်းမာမှုများဖြစ်ပေါ်နေ
စစ်ရေးကျူးကျော်မှုများ ပြုလုပ်နေပြီး လက်နက်ကိုင်အဖွဲ့များကို နောက်ကွယ်မှ ကူညီနေသည်ဆိုသည့် အီသီယိုးပီးယား၏ စွပ်စွဲချက်များကို အီရီထရီးယားက ငြင်းဆိုလိုက်ပြီး အဆိုပါ ပြောဆိုချက်များသည် "မှားယွင်းကာ စက်ဆုပ်ဖွယ်ကောင်း" ကြောင်း ဖော်ပြခဲ့သည်။ အက်ဒစ်အာ ဘာဘာ (Addis Ababa) ၏ ပင်လယ်နီသို့ ထွက်ပေါက်ရရှိရန် ကြိုးပမ်းမှု များကြောင့်လည်း မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံကြား တင်းမာမှု များ မြင့်တက်နေခဲ့သည်။
အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီး Gedion Timothewos သည် စနေနေ့ (ဖေဖော်ဝါရီ ၇) တွင် အီရီထရီးယားနိုင်ငံခြားရေးဝန်ကြီး Osman Saleh Mohammed ထံသို့ ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး အီရီထရီးယား တပ်ဖွဲ့များသည် အီသီယိုးပီးယားပိုင်နက်ကို ကာလအတန်ကြာ သိမ်းပိုက်ထားကြောင်း စွပ်စွဲခဲ့ကာ အက်စ်မာရာ (Asmara) အစိုးရသည် စစ်သွေးကြွ အဖွဲ့များအား ပစ္စည်းအထောက်အပံ့များ တိုက်ရိုက်ပေးအပ်နေကြောင်း စွပ်စွဲခဲ့သည်။
“မိမိတို့၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို ချိုးဖောက်နေခြင်းအား ရပ်တန့်ပေးရန် မိမိတို့တောင်းဆိုခဲ့ပါသည်၊ ထိုသို့ ထပ်တလဲလဲ တောင်းဆိုမှုများသည် လျစ်လျူရှုခြင်း ခံခဲ့ရသည်” ဟု Timothewos က ရေးသားခဲ့ပြီး အီရီထရီးယားအစိုးရသည် အဆိုပါ လမ်းစဉ်အစား တင်းမာမှုများ ပိုမိုမြင့်တက်လာစေမည့်လမ်းစဉ်ကိုသာ ရွေးချယ်ခဲ့သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်ခု၌ အီရီထရီးယားက အဆိုပါစွပ်စွဲချက်များသည် လုပ်ကြံဖန်တီးထားခြင်း ဖြစ်ပြီး ၎င်းတို့အား နှစ်နှစ်ကျော်ကြာ လုပ်ဆောင်လာခဲ့သည့် "ရန်လိုသော ကမ်ပိန်းများ၏ ပုံစံတူ အလိမ်အညာတစ်ခု" အဖြစ် ဖော်ပြခဲ့သည်။ “အီရီထရီးယားအစိုးရအနေဖြင့် အခြေအနေကို ပိုမိုဆိုးရွားစေရန်နှင့် မီးလောင်ရာလေပင့်ဖြစ်စေမည့် အဓိပ္ပာယ်မဲ့သော အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်လိုသော ဆန္ဒ သို့မဟုတ် စိတ်အားထက်သန်မှု မရှိပါ” ဟု အက်စ်မာရာ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂
