Epstein ၏ ကြံရာပါ Maxwell က သူမအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလျှင် Trump နှင့် Clinton တို့တွင် အပြစ်မရှိကြောင်း သက်သေပြမည် ဟု ကမ်းလှမ်း
ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား Jeffrey Epstein ၏ ကြံရာပါ ဖြစ်သူ Ghislaine Maxwell သည် သူမအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့် (Clemency) ပေးမည်ဆိုပါက လက်ရှိအမေရိကန်သမ္မတ Donald Trump နှင့် သမ္မတဟောင်း Bill Clinton တို့တွင် အပြစ်မရှိကြောင်း သက်သေ ပြနိုင်သည့်အချက်အလက်များကို ထုတ်ဖော်ပေးမည်ဟု ကမ်းလှမ်း လိုက်သည်။
Epstein ၏ ရည်းစားဟောင်း Maxwell သည် ကလေးသူငယ် လိင်ကုန်ကူးမှု အပါအဝင် ပြစ်မှုအမြောက်အမြားဖြင့် လက်ရှိတွင် ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူဖြစ်သည်။ ငွေကြေးဓနကြွယ်ဝပြီး အဆက်အသွယ် ကောင်းသည့် Epstein သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များအား နှစ်ရှည်လများ မည်သို့ လိင်ပိုင်းဆိုင်ရာ စော်ကားနိုင်ခဲ့သနည်းဆိုသည်ကို လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးနေစဉ် Maxwell သည် တစ်ကျော့ပြန် အာရုံစိုက်ခံလာရခြင်း ဖြစ်သည်။
Trump နှင့် Clinton တို့နှစ်ဦးလုံးမှာ Epstein ၏ မှတ်တမ်းဖိုင်များတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြခံထားရသော်လည်း ၎င်းတို့အနေဖြင့် မည်သည့် အမှားမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားကြသည်။
တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) က ပြုလုပ်ခဲ့သော အမေရိကန် အောက် လွှတ်တော် စောင့်ကြည့်ရေးကော်မတီ၏ မေးမြန်းမှုများကို Maxwell က ဖြေကြားရန် ငြင်းဆိုခဲ့သည်။ တက္ကဆက်ပြည်နယ်ရှိ အကျဉ်းထောင်မှ တစ်ဆင့် ဗီဒီယိုစနစ်ဖြင့်ပါဝင်ခဲ့စဉ်အတွင်း သူမသည် မိမိကိုယ်ကို အပြစ်ဖြစ်စေမည့်စကားမျိုး မပြောဆိုဘဲနေပိုင်ခွင့် (Fifth Amendment right) ကို အသုံးပြုခဲ့သည်။ သို့သော် သူမ၏ရှေ့နေ ဖြစ်သူ David Oscar Markus ကမူ အကယ်၍ သူမကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးမည်ဆိုပါက သက်သေထွက်ဆိုချက်များ ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သူမ၏ရှေ့နေက X လူမှုကွန်ရက်ပေါ်တွင် "သမ္မတ Trump ရော သမ္မတ Clinton ပါ မည်သည့်အပြစ်မျှ ကျူးလွန်ထားခြင်း မရှိသည့် သက်သေပြချက် ကို မစ္စ Maxwell တစ်ယောက်တည်းကသာ ရှင်းပြနိုင်ပါသည်" ဟု ရေးသား ဖော်ပြခဲ့သည်။
သမ္မတဟောင်း Clinton နှင့် ၎င်း၏ဇနီးဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton တို့သည် ယခုလနှောင်းပိုင်းတွင် ကျမ်းကျိန် ထွက်ဆိုချက် (Depositions) ပေးရန် စီစဉ်ထားပြီး ဖြစ်သည်။
အောက်လွှတ်တော် စောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ James Comer ကမူ Maxwell အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မပေးရန် သမ္မတအား တိုက်တွန်း ပြောကြားခဲ့သည်။ နိုင်ငံရေးနှင့် ငွေကြေးလောကမှ ထင်ရှားကျော်ကြားသူအများအပြားသည် Epstein ၏ အရှုပ်တော်ပုံတွင် ပါဝင်ပတ်သက်နေသည် ဟု စွပ်စွဲခံထားရသော်လည်း Maxwell သည်သာ ယင်းအရှုပ်တော်ပုံနှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်စီရင်ခြင်းခံရသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်နေသည်။
၂၀၂၅ ခုနှစ်အတွင်းက ဒုတိယရှေ့နေချုပ်နှင့် တွေ့ဆုံ မေးမြန်းမှု ပြုလုပ် ပြီးနောက် Maxwell အား အခြားဖက်ဒရယ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးခဲ့ခြင်းသည် သူမအတွက် အထူးအခွင့်အရေးပေးခြင်း ဖြစ်သည်ဟု ဝေဖန်သူများက ထောက်ပြကြပြီး သူမသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရန် အလားအလာရှိနေသူဖြစ်နိုင်ကြောင်း စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။ သို့သော် အိမ်ဖြူတော်ကမူ လွတ်ငြိမ်းခွင့်ပေးရန် စဉ်းစားနေခြင်း မရှိကြောင်း ငြင်းဆိုထားသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် သမ္မတ Trump က ထိုကိစ္စ ကို စဉ်းစားထားခြင်းမရှိကြောင်း ဖြေကြားခဲ့သည်။
တနင်္လာနေ့ (ဖေဖော်ဝါရီ ၉) တွင် လွှတ်တော်အမတ်များက Epstein ဖိုင်များ၏ ဆင်ဆာဖြတ်တောက်မထားသော (Unredacted) မူရင်း မှတ်တမ်းများကို စတင်စစ်ဆေးခဲ့ကြသည်။ စစ်ဆေးမှုအပြီးတွင် လွှတ်တော် အမတ်များဖြစ်ကြသည့် Thomas Massie နှင့် Ro Khanna တို့က အများ ပြည်သူထံ ထုတ်ပြန်သည့်မှတ်တမ်းများတွင် အမည်ပေါင်း ၆ ခုခန့်ကို မလျော်မကန် ဖုံးကွယ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်းနှင့် ထိုအမည်များကို လွှတ်တော်အတွင်း ထုတ်ဖော်ပြောဆိုသွားနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
