ထိုင်းနိုင်ငံတွင် ဆန္ဒပြသူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပြန်လည် ရေတွက်ရန်နှင့် ရွေးကောက်ပွဲကော်မရှင်နာများ နုတ်ထွက်ပေးရန် တောင်းဆို
ဘန်ကောက်မြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၁) နံနက်ပိုင်းက ဆန္ဒပြသူများစုဝေးခဲ့ကြပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် မဲပြန်လည်ရေတွက်ရန်၊ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ အသစ် များ ပြန်လည်ကျင်းပရန်နှင့် ရွေးကောက်ပွဲကော်မရှင် (EC) အဖွဲ့ဝင်များ အားလုံး စုပေါင်းနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
လပ်ဆီ (Laksi) ခရိုင်ရှိ အစိုးရဌာနဆိုင်ရာအဆောက်အအုံဝင်းအတွင်းရှိ EC ရုံးတွင် United Front of Thammasat and Demonstration အဖွဲ့ က ဦးဆောင်သော ဆန္ဒပြသူ ၅၀ ခန့်က ဖေဖော်ဝါရီ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲအပြီး မဲရေတွက်မှုများတွင် မသမာမှုများတွေ့ရှိရသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပြန်လည်ရေတွက်ရန် လိုလားကြောင်း ပြောကြားခဲ့သည်။ မဲပြန်လည်ရေတွက်မှုကို လူထုရှေ့မှောက်တွင် လုပ်ဆောင် ရမည်ဖြစ်ပြီး ပြည်သူများက ဝင်ရောက်စစ်ဆေးခွင့်ရှိရမည်ဟု ၎င်းတို့က ဆိုသည်။
၎င်းတို့သည် မဲရေတွက်မှုတွင် မသမာမှုများဖြစ်စေခဲ့သော အရာရှိများ ကိုအရေးယူရန်၊ မဲရုံအဆင့် မဲစာရင်းအချက်အလက်များကို ထုတ်ပြန်ရန်၊ မသမာမှုများပြင်းထန်ခဲ့သည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲအသစ်များ ပြန်လည်ကျင်းပရန်နှင့် နောက်ဆက်တွဲအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်နာ ခုနစ်ဦးစလုံး နုတ်ထွက်ပေးရန်တို့ကိုလည်း တောင်းဆိုခဲ့ ကြသည်။
"ကျွန်တော်တို့ ရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း ပွင့်လင်းမြင်သာမှု မရှိတာကိုတော့ လက်မခံနိုင်ပါ" ဟု ဆန္ဒပြခေါင်းဆောင် နိုပါဆင် ထရီရာ ရာပီဝပ် (Nopasin Treerayapiwat) က ပြောကြားခဲ့သည်။ ၎င်း၏ အဖွဲ့သည် မည်သည့် နိုင်ငံရေးပါတီ၏ ပံ့ပိုးကူညီမှုကိုမျှ ရယူထားခြင်း မရှိကြောင်းလည်း ၎င်းက ငြင်းဆိုခဲ့သည်။ မဲများပြန်လည်ရေတွက်ရန် တောင်းဆိုမှုသည် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲတွင် Bhumjaithai Party ပြီးနောက် ဒုတိယနေရာရရှိခဲ့သည့် ပြည်သူ့ပါတီ People’s Party - PP ၏ တောင်းဆိုချက်နှင့် ထပ်တူထွက်ပေါ်လာခြင်းဖြစ်သည်။
အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၀) တွင် People’s Party က ခွန်ကန်၊ လန်ပန်း၊ စူရတ်ဌာနီ၊ ချွန်ဘူရီ၊ မဟာစာရခမ်၊ နခွန်ရတ်ချာစီမာ၊ ချိုင်နတ်၊ စမွတ်ပရာကန်၊ တပ်ခ်၊ စာရာဘူရီ၊ ချင်းမိုင်၊ ချင်းရိုင်၊ ကန်ချနာဘူရီ နှင့် ဆူဖန်ဘူရီ အပါအဝင် ပြည်နယ်အများအပြားရှိ မဲဆန္ဒနယ် ၁၈ ခုတွင် မဲပြန်လည်ရေတွက်ရန် တောင်းဆိုခဲ့သည်။ People’s Party ၏ ကိုယ်စားလှယ်လောင်းများနှင့် ကိုယ်စားလှယ်များသည်လည်း ၎င်းတို့၏ သက်ဆိုင်ရာပြည်နယ်များရှိ ဒေသန္တရရွေးကောက်ပွဲရုံးများသို့ သွားရောက်၍ ၎င်းတို့၏ မဲဆန္ဒနယ်များရှိ ပထမအကြိမ် မဲရေတွက်မှုအပေါ် သံသယ ရှိမှုများနှင့် တောင်းဆိုချက်များကို တင်သွင်းခဲ့ကြသည်။
ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၁၁) တွင် ရွေးကောက်ပွဲကော်မရှင် (EC) ၏ ဒုတိယ အတွင်းရေးမှူးချုပ် ရဲမှူးကြီး Nathawat Sa-ngiamsak က ဆန္ဒပြ သူများထံမှ အသနားခံစာကို လက်ခံရယူခဲ့သည်။ EC ရုံးအနေဖြင့် တင်ပြ လာသည့် အသနားခံစာတိုင်းကို ဥပဒေနှင့်အညီစစ်ဆေးရန် အသင့်ရှိကြောင်း နှင့် မဲရုံတိုင်း၏ မဲရလဒ်များကို ရက်အနည်းငယ်အတွင်း EC ၏ ဝက်ဘ်ဆိုက် နှင့် ပြည်နယ်ခွဲဝက်ဘ်ဆိုက်များတွင် စစ်ဆေးနိုင်ရန် လွှင့်တင်ပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
