AI ဘေးကင်းလုံခြုံရေး စည်းမျဉ်းများအတွက် Anthropic က ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှုပ်နှံပြီး OpenAI နှင့် နိုင်ငံရေးအရ အားပြိုင်မှုစတင်
ဥာဏ်ရည်တု (AI) နည်းပညာလောက၏ ထိပ်သီးကုမ္ပဏီတစ်ခုဖြစ်သော Anthropic သည် AI ဆိုင်ရာ တင်းကျပ်သောစည်းမျဉ်းစည်းကမ်းများကို ထောက်ခံသည့် အမတ်လောင်းများကို ကူညီရန်အတွက် "Public First Action" အမည်ရှိ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့သို့ အမေရိကန်ဒေါ်လာ ၂၀ သန်း လှူဒါန်းလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါလှူဒါန်းမှုသည် Anthropic ၏ ပထမဆုံးသော လူသိရှင်ကြား နိုင်ငံရေးအရ ကြားဝင်ဆောင်ရွက်မှုဖြစ်ပြီး၊ ပြိုင်ဘက် OpenAI ကုမ္ပဏီ နှင့်ဖြစ်ပွားနေသော ရွေးကောက်ပွဲဆိုင်ရာအသုံးစရိတ် အားပြိုင်မှုကို အရှိန် မြင့်တက်လာစေခဲ့သည်။ Anthropic ၏ ရန်ပုံငွေသည် ပွင့်လင်း မြင်သာမှုရှိစေရန် အမိန့်ထုတ်ပြန်ခြင်း၊ အဆင့်မြင့်ချစ်ပ်ပြား တင်ပို့မှုကို ထိန်းချုပ်ခြင်းနှင့် ပြည်နယ်အဆင့်တွင် ပိုမိုတင်းကျပ်သောဥပဒေများ ပြဋ္ဌာန်းခွင့်ရှိစေမည့် ဖက်ဒရယ်စံနှုန်းများကို လိုလားသော နိုင်ငံရေး သမားများကို ပံ့ပိုးပေးမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ OpenAI ၏ ဥက္ကဋ္ဌ Greg Brockman နှင့် ရင်းနှီးမြှုပ်နှံသူ Marc Andreessen တို့သည် တင်းကျပ်သော AI စည်းမျဉ်း များကို ဆန့်ကျင်သည့် "Leading the Future" ကွန်ရက်သို့ ဒေါ်လာ သန်း ၁၀၀ ကျော် ထည့်ဝင်ထားပြီးဖြစ်သည်။ ၎င်းတို့က ပြည်နယ်အဆင့် ကန့်သတ်ချက် များ ကွဲပြားရှုပ်ထွေးနေခြင်းသည် နည်းပညာဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။
Anthropic အနေဖြင့် ယခုကဲ့သို့ နိုင်ငံရေးအရ လှုပ်ရှားလာခြင်းမှာ AI နည်းပညာကို စီးပွားဖြစ် ထုတ်လုပ်လိုသော်လည်း တစ်ဖက်တွင်လည်း လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိနိုင်သည်ဟူသောစိုးရိမ်မှုများကြား အကျပ်အတည်းဖြစ်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
လက်ရှိတွင် Anthropic သည် အိမ်ဖြူတော်၏ထောက်ခံမှုကို အပြည့်အဝ ရရှိထားသော OpenAI နှင့်မတူဘဲ အစိုးရတာဝန်ရှိသူ အချို့၏ ဝေဖန်မှု များကို ရင်ဆိုင်နေရသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ AI နှင့် ခရစ်ပတို ဆိုင်ရာ အရာရှိချုပ် David Sacks က Anthropic ၏ စည်းမျဉ်းစည်းကမ်း တင်းကျပ်လိုမှုကို startup လုပ်ငန်းစုများကို ထိခိုက်စေနိုင်သည်ဟု စွပ်စွဲထားသည်။
သို့သော်လည်း Anthropic ကမူ AI နည်းပညာသည် ကုမ္ပဏီများ၏ ကိုယ်ကျိုးစီးပွားအတွက်သာမက အများပြည်သူအကျိုးအတွက် ဖြစ်ထွန်းစေရန် တာဝန်ရှိကြောင်းနှင့် မူဝါဒများချမှတ်ရာတွင် ဘေးထွက်ကြည့် နေမည်မဟုတ်ကြောင်း ခိုင်မာစွာ ရပ်တည်ပြောကြားထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
