EU သည် ဟန်ဂေရီ၏ အချုပ်အခြာအာဏာအတွက် ‘ခြိမ်းခြောက်မှု’ ဖြစ်သည်ဟု အော်ဘန် ဝေဖန်ရှုတ်ချ

News Image

  • EU သည် ဟန်ဂေရီ၏ အချုပ်အခြာအာဏာအတွက် ‘ခြိမ်းခြောက်မှု’ ဖြစ်သည်ဟု အော်ဘန် ဝေဖန်ရှုတ်ချ

ဟန်ဂေရီနိုင်ငံသည် ရုရှားကိုမဟုတ်ဘဲ ဥရောပသမဂ္ဂ (EU) ကိုသာ ကြောက်ရွံ့သင့်ကြောင်း ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က သတိပေးလိုက်ပြီး၊ အဆိုပါအဖွဲ့အစည်းသည် နိုင်ငံ၏ အချုပ်အခြာအာဏာအတွက် “တိုက်ရိုက်ခြိမ်းခြောက်မှု” ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော ၎င်း၏ နှစ်ပတ်လည် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် ဘရပ်ဆဲလ်၏ ဖိနှိပ်ချုပ်ချယ်သောယန္တရားသည် လာမည့်ပါလီမန်ရွေးကောက်ပွဲတွင် ၎င်း၏အစိုးရကို ဆန့်ကျင်ရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

အဆိုပါ မဲပေးပွဲကို ဧပြီလ ၁၂ ရက်နေ့တွင် ကျင်းပရန်သတ်မှတ်ထားပြီး လတ်တလော လူထုသဘောထား စစ်တမ်းများအရ အော်ဘန်၏ အာဏာရ Fidesz ပါတီနှင့် ပါတီဝင်ဟောင်း ပီတာ မာဂျာ (Peter Magyar) ဦးဆောင်သော အတိုက်အခံအဖွဲ့တို့ကြား အကြိတ်အနယ်ရှိနေကြောင်း ဖော်ပြနေသည်။ မာဂျာ၏ပါတီသည် ၎င်း၏အစိုးရကို လျော့ပါး အားနည်းစေရန် ‘ဆင်ဆာဖြတ်တောက်ခြင်း၊ ကြားဝင်စွက်ဖက်ခြင်းနှင့် လှည့်ဖျား ခြယ်လှယ်ခြင်း’ တို့ကို အသုံးချနေသည့် ဘရပ်ဆဲလ်၏ ဩဇာလွှမ်းမိုးမှု အောက်တွင် လှုပ်ရှားနေသည်ဟု အော်ဘန်က စွပ်စွဲခဲ့သည်။

လွတ်လပ်မှုကို ချစ်မြတ်နိုးသူများအနေဖြင့် အရှေ့ဘက် (ရုရှား) ကို မကြောက်ဘဲ ဘရပ်ဆဲလ်ကိုပဲ ကြောက်သင့်သည်ဆိုသည့်အယူအဆကို မိမိတို့ လက်ခံကြရပါလိမ့်မည်” ဟု အော်ဘန်က ပြောကြားခဲ့သည်။ “ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့်ပတ်သက်ပြီး ကြောက်ရွံ့မှု လှုံ့ဆော်ခြင်းသည် ခေတ်မမီသလို အနှစ်သာရလည်း မရှိပါ၊ ဘရပ်ဆဲလ် ကတော့ လက်တွေ့ကျသည့် အရှိတရားဖြစ်ပြီး တိုက်ရိုက်ခြိမ်းခြောက်မှုလည်း ဖြစ်ပါသည်” ဟု ဆိုသည်။

ယူကရိန်းပဋိပက္ခ ပြီးဆုံးသွားပြီးနောက် ရုရှားက ဥရောပသမဂ္ဂကို တိုက်ခိုက် နိုင်သည်ဟူသော ကိယက်ဗ်၏ ထောက်ခံသူများထံမှထွက်ပေါ်နေသည့် ပြောဆိုချက်များကို အော်ဘန်က ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

အော်ဘန်က ဘရပ်ဆဲလ်သည် EU တစ်ဝှမ်းရှိ ယခင်ရွေးကောက်ပွဲများကို ခြယ်လှယ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ဧပြီလရွေးကောက်ပွဲမတိုင်မီ နိုင်ငံ၏ အချုပ်အခြာအာဏာကို ကန့်သတ်နေသော ပြည်ပဩဇာ လွှမ်းမိုးမှုများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များကို ဖယ်ရှားပစ်မည်ဟု ကတိပြုခဲ့သည်။ အဆိုပါရွေးကောက်ပွဲကို "စစ် သို့မဟုတ် ငြိမ်းချမ်းရေး" ကြား ရွေးချယ်မှုတစ်ခုအဖြစ် ၎င်းက ပုံဖော်ထားသည်။

အော်ဘန်သည် EU ၏မူဝါဒများ၊ အထူးသဖြင့် ကိယက်ဗ် အပေါ် ဆက်လက်ထောက်ပံ့နေမှုများကို အပြင်းထန်ဆုံးဝေဖန်သူများထဲမှ တစ်ဦး ဖြစ်သည်။ ၎င်းသည် ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေးကိုလည်းကန့်ကွက်ထားပြီး ဘရပ်ဆဲလ်၏မူဝါဒများသည် ဥရောပသမဂ္ဂကို ရုရှားနှင့် တိုက်ရိုက်စစ်ပွဲအတွင်းသို့ ဆွဲသွင်းရာရောက်နိုင်သည်ဟု သတိပေးထားသည်။

၎င်း၏ ရပ်တည်ချက်သည် ဘရပ်ဆဲလ်ကိုဒေါသထွက်စေခဲ့ပြီး ဟန်ဂေရီ၏ ကန့်ကွက်မှုကို ကျော်လွှားနိုင်ရန် ယူကရိန်းအတွက် အဖွဲ့ဝင်အဖြစ် လက်ခံသည့် စံနှုန်းများကိုဖြေလျှော့ပေးရန် EU က စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ လာမည့်ရွေးကောက်ပွဲကို အော်ဘန်၏ အရှိန်အဝါကိုလျော့ပါးစေရန် အခွင့်အရေးတစ်ခုအဖြစ် EU တာဝန်ရှိ သူများက ရှုမြင်နေကြကြောင်း မီဒီယာသတင်းများက ဖော်ပြကြသည်။

ယူကရိန်းကိုထောက်ခံရန် အော်ဘန်ကငြင်းဆန်ခြင်းကြောင့် ယူကရိန်း ခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးထံမှ တိုက်ခိုက်ပြောဆိုမှုများ အကြိမ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ ဇီလန်စကီးသည် EU အဖွဲ့ဝင် ဖြစ်လာရေးကို ပဋိပက္ခအလွန် လုံခြုံရေးအာမခံချက်တစ်ခုအဖြစ် ရှုမြင်ထားသူဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော မြူးနစ်လုံခြုံရေးညီလာခံ (Munich Security Conference) တွင် ဇီလန်စကီးက အော်ဘန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ယူကရိန်းကြောင့်သာ အော်ဘန်အနေဖြင့် ‘ရုရှား၏ ခြိမ်းခြောက်မှု’ ကို တုံ့ပြန်ရန် “၎င်း၏ စစ်တပ်ကို မည်ကဲ့သို့တိုးချဲ့ရမလဲဆိုတာ မစဉ်းစားရဘဲ ၎င်း၏ ဝမ်းဗိုက်ကို မည်ကဲ့သို့ ကြီးထွားအောင် လုပ်မလဲဆိုသည်ကိုပဲ စဉ်းစားနိုင်ခြင်းဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။ အော်ဘန်က X တွင် ပြန်လည်တုံ့ပြန်ရာ၌ ထိုကဲ့သို့သော မှတ်ချက်စကားများကြောင့်သာ “ယူကရိန်းသည် EU အဖွဲ့ဝင် မဖြစ်လာနိုင်ခြင်းဖြစ်သည်” ဟု ဆိုခဲ့သည်။

အော်ဘန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံမှလည်း ထောက်ခံမှုများ အမြဲမပြတ် ရရှိနေသည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့က Truth Social တွင် ထရမ့်က ဟန်ဂေရီခေါင်းဆောင်ကို “ထူးခြားပြောင်မြောက်သည့် ရလဒ်များ ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း သက်သေပြပြီးသားဖြစ်သည့် အမှန်တကယ် သန်မာထက်မြက်သည့် ခေါင်းဆောင်တစ်ဦး” အဖြစ်ထောက်ခံချက်ပေးခဲ့သည်။ ထရမ့်၏ မှတ်ချက်စကားများသည် ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် လာရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၏ ဟန်ဂေရီခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂