ဆွေးနွေးပွဲများအပေါ် အမေရိကန်၏ ရိုးသားမှုကို သက်သေပြရန်လိုအပ်ကြောင်း အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ပြောကြား
အမေရိကန်အနေဖြင့် တီဟီရန်အစိုးရနှင့် သဘောတူညီချက်ရရှိရန် မည်မျှ အလေးအနက်ထားသည်ကို လက်တွေ့သက်သေပြရန် လိုအပ်ကြောင်း အီရန် နိုင်ငံခြားရေးဒုတိယဝန်ကြီး Majid Takht-Ravanchi က တိုက်တွန်း ပြောကြားလိုက်ပြီး အကယ်၍ စစ်ပွဲဖြစ်ပွားခဲ့ပါက "လူတိုင်းအတွက် ဆိုးကျိုးဖြစ်စေလိမ့်မည်" ဟု သတိပေးခဲ့သည်။
ဖေဖော်ဝါရီ ၁၅ ရက်နေ့က BBC နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ၎င်းက အိုမန်နိုင်ငံ၌ ပြုလုပ်ခဲ့သော သွယ်ဝိုက်ဆွေးနွေးမှုများအပါအဝင် မကြာသေးမီကဆက်သွယ်မှုများအရ အမေရိကန်သည် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည့် အရိပ်အယောင်များ ရှိနေသော်လည်း အမှန်တကယ် သဘောတူညီချက်ရယူနိုင်ရန်မှာမူ အမေရိကန်၏ ရိုးသားမှုအပေါ်တွင်သာ မူတည်ကြောင်း အလေးပေးပြောကြားခဲ့သည်။
နျူကလီးယားအစီအစဉ်နှင့်ပတ်သက်၍ အီရန်ဘက်က ဆွေးနွေးရန် အသင့်ရှိနေသော်လည်း ၎င်းမှာ အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးရန် အသင့်ရှိ၊ မရှိအပေါ်တွင်သာ မူတည်ကြောင်း သိရှိရသည်။ Takht-Ravanchi က အီရန်ဘက်မှ တာဝန်ယူ ဆောင်ရွက်ရမည့် အပိုင်းများရှိသကဲ့သို့ အမေရိကန်ဘက်မှလည်း ၎င်းတို့လုပ်ဆောင် ရမည့် ကတိကဝတ်များကို တာဝန်ယူရန် လိုအပ်ကြောင်းဆိုသည်။
ထို့အပြင် ယူရေနီယံသန့်စင်မှု လုံးဝမပြုလုပ်ရသည့် (Zero Enrichment) မူဝါဒသည် အီရန်အတွက် လက်ခံနိုင်စရာမရှိတော့ဘဲ ဆွေးနွေးပွဲ စားပွဲပေါ်တွင်လည်း ရှိမနေတော့ကြောင်း၊ သို့သော် ယူရေနီယံ သန့်စင်မည့် ပမာဏနှင့် နျူကလီးယားလောင်စာ သိုလှောင်မှုများကို လျှော့ချရန်အတွက်မူ လိုက်လျောရန်အသင့်ရှိကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သည်။
သို့သော်လည်း အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သဘောထားနှင့် ကွဲလွဲနေဆဲ ဖြစ်သည်။ သမ္မတထရမ့်က ပြီးခဲ့သည့် သောကြာနေ့ (ဖေဖော်ဝါရီ ၁၃) က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်အနေဖြင့် မည်သည့် ယူရေနီယံသန့်စင်မှုကိုမျှ လက်မခံနိုင်ကြောင်းနှင့် "Zero Enrichment" မူဝါဒမှာ ဆွေးနွေးပွဲစားပွဲပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
