တရုတ်နှစ်သစ်ကူးကာလ ပထမ ၄ ရက်အတွင်း မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံး

News Image

  • တရုတ်နှစ်သစ်ကူး ကာလ ပထမ ၄ ရက်အတွင်း မီးရှူးမီးပန်းများ ပေါက်ကွဲမှု ကြောင့် လူ ၂၀ ဦး ထက်မနည်း သေဆုံး

ဟူပေပြည်နယ်ရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၂ ဦး သေဆုံးခဲ့ပြီး ယင်းသည် အလားတူပေါက်ကွဲမှုကြောင့် လူ ၈ ဦး သေဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရုတ်နှစ်သစ်ကူး (မြင်းနှစ်) ၏ ဒုတိယမြောက်နေ့ဖြစ်သော ဖေဖော်ဝါရီ လ ၁၈ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ဟူပေပြည်နယ်၊ ကျန်းကျီ (Zhengji) မြို့ရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင် ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးမှာ စတုရန်းမီတာ ၅၀ ခန့်အထိ ကူးစက်ပြန့်နှံ့သွားခဲ့ပြီး တစ်နာရီအကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများ က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာနေရာမှ ပုံရိပ်များအရ ၄ ထပ် တိုက်၏ မြေညီထပ်ရှိ မီးရှူးမီးပန်းဆိုင်မှာ ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ပျက်စီးသွားသည်ကို တွေ့ရှိရသည်။ လူ ၁၂ ဦး သေဆုံးခဲ့ရသည့် အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရခြင်းအကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယင်းဖြစ်စဉ်မတိုင်မီ လေးရက်အလိုကလည်း တရုတ်နိုင်ငံအရှေ့ပိုင်း၊ ကျန်းစုပြည်နယ်၊ တုန်းဟိုင်ခရိုင်၊ တုန်းအန်းကျေးရွာတွင် အလားတူ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦး သေဆုံးခဲ့သည်။ ဒေသခံ အာဏာပိုင်များက အဆိုပါပေါက်ကွဲမှုသည် နေထိုင်သူတစ်ဦးမှ မီးရှူးမီးပန်းဆိုင်အနီးတွင် "မီးရှူးမီးပန်းများကို ပေါ့ဆစွာပစ်ဖောက်ခြင်း" ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေပြီး လူအချို့ကိုလည်း ဖမ်းဆီးထားသည်။

ရိုးရာအရ တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံတစ်ဝှမ်းတွင် မီးရှူးမီးပန်းများနှင့် ယမ်းဗျောက်များကို ပစ်ဖောက်လေ့ရှိကြသည်။ မီးရှူးမီးပန်းများကို ချမ်းသာကြွယ်ဝမှုနှင့် ကံကောင်းခြင်းများကို ကြိုဆိုရန်နှင့် မကောင်းသောဝိညာဉ်များကို မောင်းထုတ်ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ကြသည်။

သို့သော်လည်း နှစ်များစွာအတွင်း ပြည်နယ်နှင့် မြို့ကြီး အတော်များများတွင် လေထုအရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် မီးရှူးမီးပန်းပစ်ဖောက်ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် လုံးဝ ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ အချို့မြို့များတွင်မူ မကြာသေးမီကမှ ထိုပိတ်ပင်မှုကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ထိန်းချုပ်စီမံသည့်စနစ်သို့ ပြောင်းလဲခဲ့ကြသည်။

တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၆ ရက်နေ့ တွင် ကျန်းစုပြည်နယ်၌ ဖြစ်ပွားခဲ့သောပေါက်ကွဲမှုကို သင်ခန်းစာယူရန်နှင့် မီးရှူးမီးပန်းလုပ်ငန်းအပေါ် ကြီးကြပ်ကွပ်ကဲမှုများ အားဖြည့်ဆောင်ရွက်ရန် ဒေသဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းခဲ့သည်။ အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ပြတ်ပြတ်သားသား တားဆီးရန်လိုအပ်ပြီး ဒေသအားလုံးတွင် မီးရှူးမီးပန်းနှင့်ပတ်သက်သည့် ဘေးအန္တရာယ်များကို သေချာစွာ စစ်ဆေးအကဲဖြတ်ရန် ဝန်ကြီးဌာနက ညွှန်ကြားခဲ့သည်။

ထို့အပြင် မီးရှူးမီးပန်းဆိုင်များအပြင်ဘက်တွင် မီးရှူးမီးပန်းများကို စမ်းသပ် ပစ်ဖောက်ခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်းကဲ့သို့သော မဆင်မခြင်ပြုမူ မှုများနှင့် ပတ်သက်၍လည်း ပြည်သူများကို သတိပေးထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂