ရန်ကုန် ဧပြီ ၂၂မေ ၅ ရက်မှ ၂၃ ရက်အထိ ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် မြန်မာ ယူ-၁၇ အမျိုးသားလူငယ်လက်ရွေးစင်အသင်း ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။မြန်မာ ယူ-၁၇ အသင်းသည် နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဆက်တိုက်ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး ဧပြီ ၁၁ ရက်မှ ၂၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပနေသည့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ပြီးနောက် နှစ်ပတ်ဝန်းကျင်အကြာတွင် ကျင်းပမည့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ ယှဉ်ပြိုင် ရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် အာဆီယံ ယူ-၁၇ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသော်လည်း အင်ဒိုနီးရှားနိုင်ငံ၌ ဆက်လက်လေ့ကျင့်နေပြီး ဧပြီ ၂၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် ရန်ကုန်မြို့တွင် အပြီးသတ် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် အပြီးသတ်ကစားသမားရွေးချယ်ကာ ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲတွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်၊ ထိုင်းအသင်းတို့နှင့် အုပ်စု(A)တွင် ကျရောက်နေသည်။ မြန်မာအသင်းသည် ယှဉ်ပြိုင်ခဲ့သည့် အာဆီယံ ယူ-၁၇ ပြိုင်ပွဲတွင် ထိုင်းကို အနိုင်၊ လာအိုကို သရေကျသော်လည်း ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့ သဖြင့် အုပ်စုအဆင့်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအသင်းသည် ထိုင်းနှင့် ပြိုင်ပွဲနှစ်ခုဆက် တစ်အုပ်စုတည်း ကျရောက်နေသော်လည်း အာရှဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် ထိုင်း ယူ-၁၇ အသင်းသည် အာဆီယံပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် အသင်းမဟုတ်ဘဲ ဂျာမန်နည်းပြဖြင့် သီးခြားပြင်ဆင်နေကြောင်း သိရသည်။သတင်း-ရှိုင်းထက်ဇော်ဓာတ်ပုံ-MFFMDN
Thu, 23-Apr-2026