ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ အားကစားဖွံ့ဖြိုးတိုးတက်ရေး တိုင်းဒေသကြီး အားကစားအဖွဲ့ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း
ရန်ကုန် ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး အားကစားအောင်နိုင်ရေး၊ အားကစားပြိုင်ပွဲများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန(တိုင်းရုံး) အစည်းအဝေး ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနည်း ၃၃ နည်းမှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ကြိုတင်ပြင်ဆင်ဆောင်ရွက်
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက တိုင်းဒေသကြီး အားကစားအောင်နိုင်ရေးအတွက် တိုင်းဒေသကြီး အားကစား ဆပ်ကော်မတီများ အသစ်ပြန်လည်ဖွဲ့စည်းရန်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက်(၁၀၀) စီမံချက်ပေးပို့ရာတွင် တိုင်းဒေသကြီး အားကစားဆပ်ကော်မတီ များအနေဖြင့် ပါဝင်နိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများကို ဝန်ကြီးဌာနမှ အားကစားနည်းအလိုက် ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များအနေဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် ယခုထက်ဆုတံဆိပ်များ ပိုမို ရရှိအောင် ကြိုးစားပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပြောကြား
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရန်ကုန်တိုင်းဒေသကြီး အားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများ အား ဖွဲ့စည်း၍ စခန်းသွင်းထားရှိမှုအခြေအနေများ၊ အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်မည့် လျာထားချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)
MDN
