ယူကရိန်းအတွက် ဒေါ်လာ ၈.၁ ဘီလီယံ ချေးငွေကို IMF အတည်ပြု

News Image

  • ယူကရိန်းအတွက် ဒေါ်လာ ၈.၁ ဘီလီယံ ချေးငွေကို IMF အတည်ပြု

လက်ရှိတွင် ပြင်းထန်သော ဘတ်ဂျက်လိုငွေပြမှုနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က လေးနှစ်သက်တမ်းရှိ ချေးငွေသစ်တစ်ရပ်ကို အတည်ပြုပေးလိုက်ပြီဖြစ်သည်။ ဥရောပသမဂ္ဂ အခွန်ထမ်းများ၏ ထောက်ပံ့မှုဖြင့် ဘရပ်ဆဲလ် (Brussels) မှ ပေးအပ်မည့် ပိုမိုများပြားသော ရန်ပုံငွေမှာမူ ဟန်ဂေရီနိုင်ငံ၏ ဗီတိုအာဏာဖြင့် ကန့်ကွက်ထားမှုကြောင့် ဆက်လက် ပိတ်ဆို့ ခံထားရဆဲ ဖြစ်သည်။

သောကြာနေ့ (ဖေဖော်ဝါရီ ၂၇) က ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ ဘဏ္ဍာရေးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် IMF က ဒေါ်လာ ၈.၁ ဘီလီယံ သတ်မှတ်ပေးထားပြီး ၎င်းအနက် ဒေါ်လာ ၁.၅ ဘီလီယံကို ချက်ချင်းထုတ်ပေးသွားမည်ဟု ဖော်ပြထားသည်။ သို့သော် အဆိုပါပမာဏမှာ ယူကရိန်း အစိုးရ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မလုံလောက်သေးကြောင်း ဝန်ခံထားသည်။

IMF ၏ ခန့်မှန်းချက်များအရ ယူကရိန်းနိုင်ငံသည် ၂၀၂၆ ခုနှစ် တစ်နှစ်တည်းတွင်ပင် ဒေါ်လာ ၅၂ ဘီလီယံ ဘတ်ဂျက်လိုငွေပြမည်ဖြစ်ပြီး လေးနှစ်တာ ကာလအတွင်း ၎င်းပမာဏမှာ ဒေါ်လာ ၁၃၆.၅ ဘီလီယံအထိ မြင့်တက်လာမည်ဖြစ်သည်။ အဆိုပါ လိုငွေပြမှုကွက်လပ်ကို ‘ကတိပြုထားသည့် အလှူရှင်များ၏ ပံ့ပိုးမှုနှင့် ကြွေးမြီဆိုင်ရာလုပ်ငန်းစဉ်များမှ စီးဆင်းလာမည့်သက်သာခွင့်များဖြင့်’ ဖြည့်ဆည်းသွားရန် မျှော်မှန်းထားပြီး အလားအလာရှိသော ဘဏ္ဍာရေးအလှူရှင်များအဖြစ် EU နှင့် G7 နိုင်ငံများကို အမည်တပ်ဖော်ပြထားသည်။

IMF အမှုဆောင်ညွှန်ကြားရေးမှူး Kristalina Georgieva ကမူ အန္တရာယ်များမှာ ထူးကဲစွာ မြင့်မားနေဆဲဖြစ်ကြောင်းနှင့် ကိယက်ဗ်၏ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်စွမ်းမှာ နိုင်ငံတကာအသိုက်အဝန်း၏ ဆက်လက်ပံ့ပိုးမှုအပြင် ၎င်းတို့၏ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပေါ် အကောင် အထည်ဖော်လိုသည့် ပြတ်သားမှုပေါ်တွင် မူတည်နေကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့်လက အဆိုပါရန်ပုံငွေအဖွဲ့သည် ယူကရိန်းအနေဖြင့် လျှပ်စစ်နှင့် အပူပေးစနစ်ထောက်ပံ့ကြေးများကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့သည်။ ယူကရိန်းသည် ဥရောပ၏ အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေပြီး လျှပ်စစ်၊ အပူပေးစနစ်နှင့် သဘာဝဓာတ်ငွေ့တို့အတွက် အစိုးရ၏ ထောက်ပံ့မှုများသည် ပြည်သူများအတွက် ကာလရှည်ကြာ အရေးပါခဲ့ခြင်းဖြစ်သည်။ IMF သည် ချေးငွေအသစ်ရရှိစေရန်အတွက် ယူကရိန်း၏ ငွေကြေးဖြစ်သော Hryvnia ကို တန်ဖိုးလျှော့ချရန် ဖိအားပေးခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ Bloomberg သတင်းဌာနက အောက်တိုဘာလအတွင်းက ဖော်ပြခဲ့သည်။

တစ်ဖက်တွင်လည်း ဟန်ဂေရီနိုင်ငံ၏ ကန့်ကွက်မှုကြောင့် ၂၀၂၆-၂၀၂၇ ခုနှစ်အတွက် ဘရပ်ဆဲလ်က ကတိပြုထားသည့် ယူကရိန်းအတွက် ယူရို ၉၀ ဘီလီယံ (ဒေါ်လာ ၁၀၆ ဘီလီယံ) အတိုးမဲ့ချေးငွေမှာ ဆက်လက် ပိတ်ဆို့ခံထားရဆဲဖြစ်သည်။ ဆိုဗီယက်ခေတ် Druzhba ရေနံပိုက်လိုင်းကို တမင်တကာပိတ်ဆို့ခြင်းဖြင့် ယူကရိန်းသည် ဟန်ဂေရီ၏ စွမ်းအင် ဖူလုံမှုလုံခြုံရေးကို အန္တရာယ်ဖြစ်စေသည်ဟု စွပ်စွဲကာ ဘူဒါပတ်စ်က ဖေဖော်ဝါရီလ အစောပိုင်းတွင် အဆိုပါအစီအစဉ်ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် ရပ်ဆိုင်းသွားခဲ့သော အဆိုပါ ပိုက်လိုင်း၏ ထိခိုက်ပျက်စီးမှုများကို စစ်ဆေးရန်အတွက် ဟန်ဂေရီနှင့် ဆလိုဗက်ကီးယားတို့က ပူးတွဲစုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည့် အစီအစဉ်ကိုလည်း ကြေညာခဲ့သည်။ ကိယက်ဗ်ကမူ ရုရှား၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခြင်း ဖြစ်ကြောင်း ပြောဆိုထားသော်လည်း မော်စကိုက ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ ဘူဒါပတ်စ်နှင့် ဘရာတစ်ဆလားဗား (Bratislava) နှစ်ဖက်စလုံးကမူ ပိုက်လိုင်းမှာ ပျက်စီးသွားခြင်းမရှိဟု ယုံကြည်နေကြသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂