ဂရိနိုင်ငံအနောက်မြောက်ပိုင်းတွင် ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ လူနေအိမ်နှင့် အဆောက်အအုံအများအပြားပျက်စီး
ဂရိနိုင်ငံအနောက်မြောက်ပိုင်းတွင် မတ် လ ၈ ရက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ရာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် အစိုးရအဆောက် အအုံများပျက်စီးသွားကြောင်း ဒေသန္တရအာဏာပိုင်များက ပြောကြားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် အေသင်မြို့ အနောက်မြောက်ဘက် ၃၃၀ ကီလိုမီတာနှင့် ၃၈၀ ကီလိုမီတာခန့်အကွာရှိ သက်စပရိုတီးယားနှင့် အိုင်ယွန်နီနာဒေသတို့တွင် အပျက်အစီးအများအပြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဂရိနိုင်ငံပိုင် ERT ရုပ်သံလိုင်း၏ဖော်ပြချက်အရ ငလျင်ဗဟိုချက်အနီးရှိ ဆူလီမြူနီစီပယ်နယ်မြေအတွင်းရှိ ပိုလီဒရိုဆိုကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများ ဦးစွာဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် အဆိုပါကျေးရွာရှိ ကျောင်းဟောင်းတစ်ခုနှင့် လူနေအိမ်အများအပြားလည်း ငလျင်ဒဏ် ကြောင့် ထိခိုက်ပျက်စီးသွားသည်။
ထို့အတူ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားပြီးနောက် နောက်ဆက်တွဲတုန်ခါမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများမှာ စိုးရိမ်မကင်း ဖြစ်လျက်ရှိပြီး လူနေအိမ်များပျက်စီးသွားသည့် ပြည်သူများကို ဟိုတယ်တစ်ခုတွင် ယာယီနေရာချထားပေးမည်ဟု အာဏာပိုင်များက ပြောကြားထားကြောင်း သိရသည်။
Ref: Xinhua
MWD
