ချီလီနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းအနီးတွင် ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လမ်းများပျက်စီးခဲ့ရ

News Image

  • ချီလီနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းအနီးတွင် ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လမ်းများပျက်စီးခဲ့ရ

ဆန်တီယာဂို မေ ၁၀

ချီလီနိုင်ငံအလယ်ပိုင်း ကမ်းရိုးတန်းအနီးတွင် ပြင်းအား ၅ ဒသမ ၈ မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လမ်းများပျက်စီးခဲ့ရကြောင်း ကမ်းရိုးတန်းအာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်သည် ယနေ့ နံနက် ၂ နာရီ ၃၄ မိနစ်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၁၀ ကီလိုမီတာ၊ တောင်လတ္တီတွဒ် ၃၇ ဒသမ ၇ ဒီဂရီနှင့် အနောက်လောင်ဂျီတွဒ် ၇၃ ဒသမ ၁၉ ဒီဂရီကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကို ချီလီနိုင်ငံအလယ်ပိုင်းရှိ ကမ်းရိုးတန်းနေဒေသခံများ သိသိသာသာခံစားခဲ့ရကြောင်း၊ ငလျင်ကြောင့် လမ်းများနှင့် လူနေအိမ်တချို့ အနည်းငယ် ပျက်စီးခဲ့ရကြောင်း၊ ငလျင်လှုပ်ခတ်မှု မတည်ငြိမ်သေးသဖြင့် ပျက်စီးခဲ့သည့် လမ်းများနှင့် လူနေအိမ်အရေအတွက်ကိုမူ စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူမရှိသေးသော်လည်း အဆောက်အအုံအပျက်အစီးများ ပိမိမှုကြောင့် မပြင်းထန်သော ထိခိုက်ဒဏ်ရာရသူများရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကယ်ဆယ်ရေးအဖွဲ့များက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးထားကြောင်း၊ နောက်ဆက်တွဲငလျင်များ လှုပ်ခတ်နိုင်သဖြင့် အာဏာပိုင်များက အခြေအနေကို ဆက်လက်စောင့်ကြည့်နေကြောင်းသိရသည်။

ရတနာပုံ