မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

News Image

  • မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားပွဲတော်သို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

မြစ်ကြီးနား  မတ်  ၉

      ကချင်ပြည်နယ်၏ ပညာရေးကိုအဓိက ဖော်ဆောင်ပေးနေသည့် တက္ကသိုလ်ဖြစ် သည့်အပြင် ကျောင်းသားများ၏ တီထွင်ဖန်တီးနိုင်မှုစွမ်းအားနှင့် စည်းလုံးညီညွတ်မှု ပိုမိုဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ် ကျင်းပသည့်  မြစ်ကြီးနားတက္ကသိုလ်၏ ကျောင်းသားပွဲတော်ကို ယနေ့ နံနက်ပိုင်း တွင်  အဆိုပါတက္ကသိုလ်  ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ  တက်ရောက်အားပေး ချီးမြှင့်သည်။

ဦးစွာ ကျောင်းသားပွဲတော်ကို ဓာတုဗေဒ မေဂျာမှ ကျောင်းသား၊ ကျောင်းသူလေးများ က ပြည့်ရတနာတေးသီချင်းသရုပ်ဖော်အက အလှများဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကျောင်းသား၊ ကျောင်းသူ လူငယ်မျိုးဆက် သစ်များအနေဖြင့် အနာဂတ်တွင် ပြည်နယ်နှင့်   နိုင်ငံတော်အတွက်  အားကိုးရသည့် သားကောင်းရတနာများ ဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံအောင်၊ ပိုမိုထူးချွန်အောင် ကြိုးစားအားထုတ်ကြရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ကျောင်းသားတစ်ဦးက ၂၀၂၆ ခုနှစ် မတ်လ ၁၅ ရက်တွင် သက်ပြည့်အငြိမ်း စားယူတော့မည့် ပါမောက္ခချုပ် ဒေါက်တာ အောင်ဝင်း၏  အတ္ထုပ္ပတ္တိကို  ဖတ်ကြားခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများက ပါမောက္ခချုပ်အား ဂါရဝပြုလက်ဆောင် များပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြရာ ပါမောက္ခချုပ်က ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ကျောင်းသား၊ ကျောင်းသူများကို  ဆုံးမသြဝါဒစကားပြန်လည် ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊   ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်  ပါမောက္ခဌာနမှူးများ၊     တက်ရောက်လာသူများက ကျောင်းသားပွဲတော်  အထိမ်းအမှတ် တက္ကသိုလ်ဘာသာရပ်အလိုက်  သက်ဆိုင်ရာမေဂျာများမှ  ကျောင်းသား၊ ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာ တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့ ၁၃ ဖွဲ့မှကျောင်းသား၊  ကျောင်းသူများအတွက် ချီးမြှင့်ငွေကျပ် ၃၃ သိန်းကို  ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများသည်  ဘွဲ့နှင်းသဘင်ခန်းမဆောင်ဘေးတွင် ဘာသာရပ်အလိုက်ဌာနများမှ ကျောင်းသားပွဲတော်အထိမ်းအမှတ် ရိုးရာအစားအစာအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှုများကို  တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လှည့်လည်ကြည့်ရှုဝယ်ယူ အားပေးကြောင်း သိရသည်။

MWD