အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည်
ဧပြီ ၄ ရက်နှင့် ၅ ရက်တွင် နာမည် ကြီး မန်စီးတီး၊ အာဆင်နယ်၊ ချယ်ဆီးအသင်းတို့ ပါဝင်သည့် အက်ဖ်အေဖလားပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။ မန်စီးတီးနှင့် လီဗာပူးအသင်းပွဲစဉ်ကို ဧပြီ ၄ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အီတီဟက်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ပွဲရလဒ်အဖြေကို အချိန် မရွေး ပြောင်းလဲနိုင်စွမ်းရှိသည့် တိုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားသော ဂွါဒီယိုလာ၏ မန်စီးတီး အသင်းသည် မတ် ၂၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ကာရာ ဘောင်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် အာဆင်နယ်အသင်းကို နှစ်ဂိုးပြတ် နိုင်ပွဲရရှိပြီး ဖလားဆွတ်ခူးရရှိထားသည်။ ထို့ကြောင့် မန်စီးတီးအသင်းသည် ယခုပွဲစဉ်တွင်လည်း လီဗာပူး အသင်းကို ထပ်မံအနိုင်ယူပြီး နောက်တစ်ဆင့်တက်ရေး အာရုံစိုက်ကစားလာမည် ဖြစ်သည်။
ချယ်ဆီးနှင့် ပေါ့သ်ဗေး အသင်းပွဲစဉ်ကို ည ၁၀ နာရီ ၄၅ မိနစ်တွင် စတန်းဖို့ဒ်ဘရစ်ကွင်း၌ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
ဆောက်သမ်တန်နှင့် အာဆင်နယ်အသင်းပွဲစဉ်ကို ဧပြီ ၅ ရက် နံနက် ၁ နာရီခွဲတွင် ဆမ်မြူရယ် ဘားရော့ကွင်း၌ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။
ဝက်စ်ဟမ်းနှင့် လိဒ်စ်အသင်း ပွဲစဉ်ကို ဧပြီ ၅ ရက် ည ၁၀ နာရီ တွင် လန်ဒန်ကွင်း၌ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်သည်။
အောင်ဇော်
MDN
