၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်း လာအိုအသင်းနှင့် အုပ်စုအဖွင့်ပွဲ ကစားရမည်
ရန်ကုန် ဧပြီ ၃
၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၁၂ ရက်မှ ၂၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် လာအိုအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အာဆီယံ ဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (A) တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊ အုပ်စု (B) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ လာအို၊ အုပ်စု (C) တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့် ဘရူနိုင်းအသင်းတို့ ပါဝင်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများကို နှစ်ရက်ခြားတစ်ပွဲ ကစားရမည်ဖြစ်ပြီး ဧပြီ ၁၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် လာအိုအသင်း၊ ဧပြီ ၁၅ ရက် မြန်မာစံတော်ချိန် ည ၇ နာရီတွင် ထိုင်းအသင်း၊ ဧပြီ ၁၈ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ တွင် ဖိလစ်ပိုင်အသင်းနှင့် ကစား ရမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး တစ်သင်းစီနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း လေးသင်း ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၇ အသင်းသည် ယင်းပြိုင်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး ရက်ပိုင်းအတွင်း အပြီးသတ် လူစာရင်း ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် မေလတွင် ယှဉ်ပြိုင်ရမည့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲ အတွက်ပါ လေ့ကျင့်ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်ကာ အာရှဖလား ပြိုင်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် ယင်းပြိုင်ပွဲ နှစ်ခုအတွက် ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်ခဲ့ပြီး မတ်လဆန်းတွင် အိန္ဒိယ ယူ-၁၇ အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲ သရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်
MDN
