ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွန်အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဧပြီလ ၄ ရက်က ပြင်းထန်သော လေထုညစ်ညမ်းမှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး လေထုညစ်ညမ်းမှုမှာ အလွန်အန္တရာယ်ရှိသောအဆင့်သို့ ရောက်ရှိနေကြောင်းသိရသည်။
အဆိုပါမြို့ မဲရိမ်းခရိုင်ရှိ နခွန်ပင်းဆေးရုံ၌ ဒေသစံတော်ချိန် နံနက် ၉ နာရီအချိန်တိုင်းတာရရှိသော လေထုညစ်ညမ်းမှုပမာဏမှာ တစ်ကုဗမီတာလျှင် ၄၀၉ မိုက်ခရိုဂရမ်အထိမြင့်တက်လာခဲ့ရာ ယင်းပမာဏမှာ လူသားများ၏ ကျန်းမာရေးအတွက် အလွန်အန္တရာယ်ရှိသောအဆင့်ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါဆေးရုံမှထုတ်ပြန်သော ပုံရိပ်များတွင် ဆေးရုံပတ်ဝန်းကျင်တစ်ခုလုံးမှာ မြူခိုးငွေ့များထူထပ်စွာ ဖုံးလွှမ်းနေသည်ကိုတွေ့ရှိရပြီး အနီးအနားရှိ အဆောက်အအုံများကိုပင် မမြင်ရနိုင်လောက်အောင် အမြင်အာရုံထိခိုက်လျက်ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါအခြေအနေများသည် နိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားနေသော လေထုညစ်ညမ်းမှု၏ပြင်းထန်မှုကို ပြသလျက်ရှိနေပြီး အဆိုပါအခြေအနေသည် လူနာများ၊ အထူးသဖြင့် ကျန်းမာရေးအရ ထိခိုက်လွယ်သော လူအများအပေါ် စတင်သက်ရောက်မှုရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ကျန်းမာရေးအာဏာပိုင်များက ဒေသခံပြည်သူများအား လေထုညစ်ညမ်းမှုအပေါ် သတိထားဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး နေအိမ်ပြင်ပ၌ လှုပ်ရှားဆောင်ရွက်မှုများကို ရှောင်ကြဉ်ရန်၊ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် လဟာပြင်နေရာများတွင် အချိန်ကြာမြင့်စွာနေထိုင်ခြင်းကို ရှောင်ကြဉ်ရန် ပါဝင်ကြောင်း သိရသည်။
MWD
