နွေရာသီအားကစား သင်တန်းများ သင်တန်းဆင်းပွဲကျင်းပ
သထုံ မတ် ၁၀
မွန်ပြည်နယ် သထုံမြို့နယ် ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစား သင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်က နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ အားကစားကိုစိတ်ပါဝင်စားပြီး အခြေခံအားကစားနည်းစနစ်များကို စနစ်တကျလေ့လာ လိုက်စားတတ်ရေးနှင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးတို့အတွက် အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ သင်တန်းသားများအားသင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးကြပြီးနောက် မြန်မာ့သိုင်းသင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ရိုးရာသိုင်းဖြင့် သရုပ်ပြသကြသည်။
ထို့ပြင် သထုံမြို့နယ်အတွင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် နွေရာသီကျောင်းပိတ်ရက် ကာလတွင် မြန်မာ့သိုင်း၊ တင်းနစ်၊ ခြင်းလုံး၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ ဘော်လီဘော၊ ဘောလုံးအားကစားနည်း သင်တန်းများကို ဖေဖော်ဝါရီလ ၁၈ ရက်မှမတ်လ ၁၀ ရက်ထိဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ ၂၅၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
MWD
