ရန်ကုန်ယူနိုက်တက်အသင်း နောက်ကျဂိုးများဖြင့် ရတနာပုံအသင်းကို အနိုင်ယူ
ရန်ကုန် မတ် ၁၀
၂၀၂၅-၂၀၂၆ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်(၂၁)၏ပွဲစဉ် တစ်ပွဲဖြစ်သည့် ရတနာပုံအသင်းနှင့် ရန်ကုန် ယူနိုက်တက်အသင်းတို့ ယနေ့ညနေပိုင်းတွင် သန်လျင်မြို့ သီဟဒီပကွင်း၌ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ယူနိုက်တက်အသင်းက နောက်ကျဂိုးများသွင်း၍ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
ရတနာပုံအသင်းသည် အမှတ်ပေးဇယားအဆင့်(၅)တွင် ရပ်တည်နေသည့်အသင်းဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် အမှတ်ပေးဇယား အဆင့်(၂) နေရာတွင် ရပ်တည်နေသည့် အသင်းဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းပွဲစကတည်းက ပြိုင်ဘက်ကို ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ရာ ပွဲကစားချိန်တစ်မိနစ်အတွင်း ဒေးဗစ်ထန်း၏ ပေးပို့မှုမှတစ်ဆင့် ကောင်းစည်သူက ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သည်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း ရတနာပုံအသင်းချေပဂိုးရရှိရေး တိုက်စစ်အားမြှင့်ကစားလာပြီး ပထမပိုင်းပြီး၍နာကျင်အချိန်ပို သုံးမိနစ်အရောက်တွင် နေဦးလွင်က ပြိုင်ဘက်ဂိုးဧရိယာပြင်ပမှကန်သွင်းပြီး ရတနာပုံအသင်းအတွက်ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့၍ တစ်ဖက်တစ်ဂိုးစီဖြင့် ပထမပိုင်းပြီးဆုံးသွားသည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မြှင့်ကစားခဲ့သည်။
ရန်ကုန်ယူနိုက်တက်နောက်တန်းကစားသမားလက်ထိ၍ပယ်နယ်တီခွင့်ပြုပေးလိုက်ရသည်။ရရှိလာသည့်ပယ်နယ်တီကို ပြည်မိုးကအမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့သည့်အတွက် ရတနာပုံအသင်း ဒုတိယဂိုးရရှိသွားသည်။
မိနစ် ၆၀ နောက်ပိုင်းတွင် နှစ်ဖက်အသင်းကစားသမားများ လူစားလဲလှယ်မှုပြုလုပ်ကြပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။ယနေ့ပွဲရှုံးနိမ့်ခဲ့ပါက ချန်ပီယံအိပ်မက်နှင့်ဝေးရမည်ဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်း နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့်အထိ တိုက်စစ်အားမချဘဲပြိုင်ဘက်ကိုဖိအားပေးကစားခဲ့ရာ ပွဲကစားချိန် ၈၉ မိနစ်တွင် မောင်မောင်လွင် ကန်သွင်းသည့်ဘောလုံး ဂိုးတိုင်ထိပြန်ထွက်လာစဉ် မျိုးဆက်ပိုင်ကထပ်ဆင့်ကန်သွင်းပြီး ချေပဂိုးပြန်လည်ရယူနိုင်ခဲ့သည်။ ထို့အတူ ပွဲကစားချိန်မိနစ် ၉၀ ပြည့်၍ နာကျင်အချိန်ပို လေးမိနစ်အရောက်တွင် ဒေးဗစ်ထန်း၏ပေးပို့မှုမှ ဘလာမိုဝီးက ရန်ကုန်ယူနိုက်တက်အသင်းအတွက် တတိယ မြောက်ဂိုးသွင်းယူနိုင်ခဲ့၍ ၃ ဂိုး ၂ ဂိုးဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရရှိသွားသည်။
MWD
