ဘာစီလိုနာအသင်း စပိန်လာလီဂါအိမ်ကွင်း ၁၉ ပွဲစလုံး အနိုင်ရသည့် ပထမဆုံးအသင်းဖြစ်လာ
ဘာစီလိုနာအသင်းဟာ မေ ၁၇ ရက် ညပိုင်းက ရီးယဲလ်ဘတ်တစ်အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် စပိန်လာလီဂါပွဲစဉ် ၃၈ ပွဲမှာ အိမ်ကွင်း ၁၉ ပွဲစလုံးအနိုင်ရတဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးယဲလ်ဘတ်တစ်အသင်းကို အိမ်ကွင်း နူးကမ့်မှာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကို ရာဖင်ညာက နှစ်ဂိုး၊ ကန်ဆယ်လိုက တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး ရီးယဲလ်ဘတ်တစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို အစ္စကိုက ပင်နယ်တီကနေတစ်ဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ၁၉၅၉-၆၀ ဘောလုံးရာသီက လာလီဂါအိမ်ကွင်း ၁၅ ပွဲအထိ အနိုင်ရရှိခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ၁၉၈၅-၈၆ ဘောလုံးရာသီမှာ လာလီဂါအိမ်ကွင်း ၁၇ ပွဲ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးယဲလ်ဘတ်တစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် လက်ကျန်တစ်ပွဲအလိုမှာ ၉၃ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး အခုပွဲစဉ်မတိုင်မီကတည်းက စပိန်လာလီဂါဖလားကို ဆွတ်ခူးထားခဲ့တာဖြစ်ပါတယ်။
ငွေကြယ်
MDN
