အီဘိုလာရောဂါထိန်းချုပ်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တောင်အာဖရိကသမ္မတ ပန်ကြား

News Image

  • အီဘိုလာရောဂါထိန်းချုပ်ရေး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် တောင်အာဖရိကသမ္မတ ပန်ကြား

ဂျိုဟန်နက်စ်ဘာ့ဂ်   မေ   ၁၈

ယူဂန္ဓာနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့တွင် အီဘိုလာရောဂါကူးစက်မှုများတွေ့ရှိခဲ့ပြီး နယ်စပ်ဖြတ်ကျော်ကူးစက်မှုများထိန်းချုပ်ရန်အတွက်   ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ဒေသတွင်း  နိုင်ငံများအား တောင်အာဖရိကနိုင်ငံ  သမ္မတ ဆိုင်ရယ်ရာမာဖိုဆာက ပန်ကြားခဲ့သည်။

နိုင်ငံတွင်းရှိ ရောဂါကူးစက်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိစွာ နိုင်ငံသားများအား အသိပေးခဲ့ပြီး ကုသရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် ယူဂန္ဓာနှင့် ကွန်ဂိုနိုင်ငံတို့ အား အသိအမှတ်ပြုကြောင်းနှင့် ရောဂါရှာဖွေဖော်ထုတ်ရေး၊ အသိပညာပေးရေးနှင့်  ကုသရေး လုပ်ငန်းများကို အချိန်မီဆောင်ရွက်ခြင်းသည် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးပြီး  ၎င်းရောဂါပြန့်ပွားခြင်းကို ဒေသဆိုင်ရာ အကျပ်အတည်းမဖြစ်စေရေးဆောင်ရွက်ရန် အရေးကြီးကြောင်း သမ္မတ ရာမာ ဖိုဆာက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အီဘိုလာရောဂါကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် မေ ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့  ပြောကြားခြင်းဖြစ်သည်။ ဒေသတွင်းနိုင်ငံများအား အီဘိုလာရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက် ခဲ့သည့်အတွက် ချီးကျူးစကားပြောကြားခဲ့ပြီး  ရောဂါကူးစက်မှုများတွေ့ရှိသည့် နိုင်ငံများကို ပံ့ပိုးမှုများဆောင်ရွက်ပေးရန် အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးစင်တာနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့အား ၎င်းက ပန်ကြားခဲ့သည်။

အီဘိုလာရောဂါကူးစက်မှုတွင် နယ်နိမိတ်ပိုင်းခြားသတ်မှတ်ချက်မရှိကြောင်းနှင့် ဒေသတွင်း ဒေသခံများ ပြောင်းရွှေ့မှုများပြားလာခြင်းက ရောဂါကူးစက်မှုများမြင့်တက်လာစေသည်ဟု ၎င်းက ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန် -စိုးသူရ

MDN