TSA ဝန်ထမ်းများအား လစာပေးရန် ရန်ပုံငွေကို ထရမ့်၏ One Big Beautiful Bill မှ ရရှိနိုင်ကြောင်း သတင်းရင်းမြစ်များက ဆို
သတင်းရင်းမြစ်များ၏ အဆိုအရ၊ သမ္မတ ဒေါ်နယ်ထရမ့်သည် လစာ ချက်လက်မှတ်များမရရှိဘဲ အလုပ်လုပ်နေရသည့် သယ်ယူပို့ဆောင်ရေး လုံခြုံရေးစီမံခန့်ခွဲမှု (TSA) ဝန်ထမ်းများအား ၎င်းပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် "One Big Beautiful Bill" ဟု လူသိများသော ကျယ်ပြန့်သည့်ဥပဒေကြမ်းမှ ရန်ပုံငွေကိုအသုံးပြု၍ လစာပေးရန် စီစဉ်နေကြောင်း သိရှိရသည်။
ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) လုပ်ငန်းရပ်ဆိုင်းမှုကိုအဆုံးသတ်ရန် လွှတ်တော် (Capitol Hill) တွင် အကျပ်အတည်းဖြစ်နေသည်ကို အကြောင်းပြကာ ဝန်ထမ်းများအားလစာပေးရန် အမှုဆောင်အမိန့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သမ္မတက မတ်လ ၂၆ ရက်နေ့က ကြေညာ ခဲ့သည်။ ဒုတိယအကြိမ်မြောက် လစာအပြည့်အဝ မရရှိတော့မည့်အခြေအနေနှင့် ရင်ဆိုင်နေရသော TSA ဝန်ထမ်းများကို မည်သို့ လစာပေးမည် ဆိုသည့် အသေးစိတ်အချက်အလက်များကို သမ္မတ၏ အကြီးတန်းလက်ထောက်များက အပြီးသတ်ညှိနှိုင်းနေဆဲဖြစ်ပြီး အပြောင်းအလဲများရှိနိုင်ကြောင်း သတင်းရင်းမြစ်တစ်ဦးက သတိပေးထားသည်။
TSA ဝန်ထမ်းများအနေဖြင့် လစာချက်လက်မှတ်များကို မည်မျှ အမြန်ရရှိမည်ဆိုသည်မှာ "One Big Beautiful Bill" (OBBB) မှ ရန်ပုံငွေများကို အသုံးပြု၍ ၎င်းတို့အား လစာပေးရန်အတွက် ပြည်တွင်းပြန်လည်သုံးသပ်မှု (Internal Review) မည်မျှမြန်မြန် ဆောင်ရွက်နိုင်မည်ဆိုသည့်အပေါ်တွင် မူတည်နေကြောင်း CNN သို့ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
"One Big Beautiful Bill" ဥပဒေကြမ်းသည် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) အတွက် ရန်ပုံငွေ ဒေါ်လာ ၁၆၅ ဘီလီယံ ထောက်ပံ့ပေးထားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) အတွက် ဒေါ်လာ ၇၅ ဘီလီယံနှင့် အကောက်ခွန်နှင့် နယ်စပ်စောင့်ရှောက်ရေး အဖွဲ့ (CBP) အတွက် ဒေါ်လာ ၆၄ ဘီလီယံ ခွဲဝေပေးထားခြင်းဖြစ်သည်။
ICE ၊ CBP နှင့် အမေရိကန် လျှို့ဝှက်ဝန်ဆောင်မှုအဖွဲ့ (Secret Service) မှ တရားဝင် အာဏာပိုင်ရဲအရာရှိများအပြင် အမေရိကန် ကမ်းခြေစောင့် တပ် (Coast Guard) မှ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များအတွက် လစာများကို သမ္မတ၏ ပြည်တွင်းမူဝါဒဆိုင်ရာ အစီအစဉ် (Domestic Policy Package) မှတစ်ဆင့် ရန်ပုံငွေထောက်ပံ့ပေးထားကြောင်း အစိုးရအဖွဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ထို့အပြင် ထရမ့်အစိုးရ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အာဏာတည်စေရေးနှင့် နယ်စပ်လုံခြုံရေး ဦးစားပေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် နည်းပညာကျွမ်းကျင်သူများနှင့် ရှေ့နေများကဲ့သို့သော အခြားရာထူးများအတွက်လည်း အဆိုပါ ဥပဒေကြမ်းမှတစ်ဆင့် လစာပေးလျက်ရှိကြောင်း ၎င်းအရာရှိက ဆိုသည်။
ကိုးကား- CNN
Photo: AP News
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
