အီရန်အပေါ် ‘အပျော်သဘော’ တိုက်ခိုက်မည်ဟူသော ထရမ့်၏ ပြောကြားချက်မှာ စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကျွမ်းကျင်သူများ သတိပေး
အီရန်နိုင်ငံအပေါ် အမေရိကန်၏ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်ခြင်း၊ အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းနှင့် အဆင့်မြင့်အရာရှိကြီးများ၏ စိုးရိမ်ဖွယ်ရာပြောဆိုမှုများကြောင့် စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း အမေရိကန် အခြေစိုက် နိုင်ငံတကာဥပဒေကျွမ်းကျင်သူ ၁၀၀ ကျော်က သတိပေးလိုက်သည်။
ကြာသပတေးနေ့ (ဧပြီ ၂) က Just Security မူဝါဒရေးရာဂျာနယ်တွင် ထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာ၌ ဟားဗတ်၊ ယေးလ် နှင့် စတန်းဖို့ဒ် အပါအဝင် ထိပ်သီးတက္ကသိုလ်များမှ ပညာရှင်များက ဖေဖော်ဝါရီလ နှောင်းပိုင်းတွင်စတင်ခဲ့သည့် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ရန်စကျူးကျော်မှုမှာ “ကုလသမဂ္ဂပဋိညာဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်” ဟု ဖော်ပြထားသည်။ အမေရိကန် တပ်ဖွဲ့များ၏ လက်တွေ့လုပ်ဆောင်ချက်များနှင့် တာဝန်ရှိသူများ၏ ပြောကြားချက်များသည် “နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်နေပြီး ဖြစ်နိုင်ခြေရှိသော စစ်ရာဇဝတ်မှုများအပေါ် ပြင်းထန်သော စိုးရိမ်မှုများ ဖြစ်ပေါ် စေသည်” ဟု ၎င်းတို့က ဆိုသည်။
ကျွမ်းကျင်သူများသည် ပြီးခဲ့သည့်လက သမ္မတ ဒေါ်နယ်ထရမ့်၏ အမေရိကန်အနေဖြင့် အီရန်ကို “အပျော်သဘော” (Just for Fun) တိုက်ခိုက်မှုများ ပြုလုပ်နိုင်သည်ဟူသော မှတ်ချက်ကို အထူးတလည် ထောက်ပြခဲ့ကြသည်။ ထို့အပြင် စစ်မက်ရေးရာဝန်ကြီး ဟက်ဆက်၏ မတ်လ ၂ ရက်နေ့က ပြောကြားခဲ့သော အမေရိကန်သည် တိုက်ပွဲဝင်စည်းကမ်းများ (Rules of Engagement) ဖြင့် တိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် ရန်သူများအပေါ် လုံးဝသနားညှာတာမှုပေးမည်မဟုတ် (No Quarter, No Mercy) ဟူသော ကြေညာချက်ကိုလည်း ကိုးကားခဲ့ကြသည်။ ယင်းစကားရပ်သည် နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်နိုင်သည့် အသုံးအနှုန်းဖြစ်သည်။
အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖေဖော်ဝါရီ ၂၈ ရက်က မီနပ်ဘ်မြို့ရှိ Shajareh Tayyebeh အမျိုးသမီးကျောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် အများစုအပါအဝင် လူပေါင်း ၁၇၅ ဦး သေဆုံးခဲ့ရသည့်အပေါ် အထူးစိုးရိမ်ကြောင်း ဖော်ပြထားသည်။ ပင်တဂွန်စစ်ဌာနချုပ်က ယင်းတိုက်ခိုက်မှုမှာ ဟောင်းနွမ်းနေသော ထောက်လှမ်းရေးသတင်း အချက်အလက်ပေါ် အခြေခံကာ အမေရိကန်တပ်များက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သော်လည်း ယနေ့တိုင် တောင်းပန်ခြင်းမရှိသေးပေ။
ထိုနေ့မှာပင် လာမတ်ဒ်မြို့ရှိ ကျောင်းနှင့် အားကစားခန်းမတစ်ခုကို အမေရိကန်ဒုံးကျည် ထိမှန်ခဲ့ရာ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် တစ်ကြိမ်တစ်ခါမျှ အသုံးမပြုဖူးသေးသည့် တန်စတင် (Tungsten) အစအနများ ထွက်ရှိစေသော Precision Strike Missile ကို အသုံးပြုခဲ့ကြောင်း The New York Times က ဖော်ပြ ထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာခေး က စာသင်ကျောင်းနှင့် ပညာရေးအဆောက်အအုံ ၆၀၀ ကျော် ပစ်မှတ် ထားခံခဲ့ရကြောင်းပြောကြားခဲ့ပြီး မီနပ်ဘ်မြို့ လူသတ်ပွဲမှာ “စနစ်တကျ ရက်စက်ကြမ်းကြုတ်သော တရားမဝင်စစ်ပွဲ၏ ပုံစံတစ်ခု” ဖြစ်သည်ဟု ဆိုသည်။ အမေရိကန်နှင့် အစ္စရေးတို့သည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်နေသည်ဟု အီရန်က စွပ်စွဲထားသည်။
တစ်ဖက်တွင်လည်း Bulletin of the Atomic Scientists ၏ အယ်ဒီတာချုပ် ဂျွန်မက်ကလင်က ယခုစစ်ပွဲမှာ အလွန်အမင်း မိုက်မဲသော လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီး စစ်ပွဲအတွင်း မတော်တဆမှုများ၊ မှားယွင်းတွက်ချက်မှုများနှင့် စိတ်မထိန်းချုပ်နိုင်သောကိစ္စရပ်များ ဖြစ်ပွားတတ်သဖြင့် တိုက်ပွဲများမရပ်တန့်သရွေ့ နျူကလီးယား မတော်တဆမှု ဖြစ်နိုင်ခြေကို ဖယ်ထုတ်၍မရကြောင်း သတိပေးခဲ့သည်။
ဥပဒေကျွမ်းကျင်သူများနှင့် မက်ကလင်တို့က သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် တိုက်တွန်းခဲ့ကြသော်လည်း သမ္မတထရမ့်အနေဖြင့် ၂၀၁၅ နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခဲ့ခြင်းကြောင့် ဆွေးနွေးညှိနှိုင်းမှုဖြင့်အဖြေရှာရန် အလွန်ခက်ခဲနေပြီဖြစ်ကြောင်းလည်း မှတ်ချက် ပြုထားကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
