အီရန်စစ်ပွဲကြောင့် ပါကစ္စတန်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ ၄၃ ရာခိုင်နှုန်းနှင့် ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာ
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် ပါကစ္စတန်အစိုးရသည် ဓာတ်ဆီဈေးနှုန်းကို ၄၃ ရာခိုင်နှုန်းနှင့် ဒီဇယ်ဈေးနှုန်းကို ၅၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သည်။ လူဦးရေ သန်း ၂၄၀ ကျော်ရှိသော အဆိုပါတောင်အာရှနိုင်ငံသည် ၎င်းတို့ လိုအပ်သော ရေနံစိမ်းအများစုကို ပင်လယ်ကွေ့ဒေသမှ တင်သွင်းနေရခြင်းဖြစ်သည်။
ကြာသပတေးနေ့ (ဧပြီ ၂) က စွမ်းအင်ဝန်ကြီး Ali Pervaiz Malik ၏ ပြောကြားချက်အရ ယခုကဲ့သို့ ဈေးနှုန်းမြှင့်တင်လိုက်ခြင်းကြောင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ၆.၂၅ ဒေါ်လာခန့်နှင့် ဒီဇယ်တစ်ဂါလန်လျှင် ၇ ဒေါ်လာ ခန့်အထိ ဖြစ်လာတော့မည်ဖြစ်သည်။ မော်တော်ဆိုင်ကယ် အသုံးပြု သူများအနေဖြင့် လောင်စာဆီ တစ်လီတာလျှင် ၁၀၀ ရူပီး (၃၆ ဆင့်) နှုန်းဖြင့် သုံးလကြာ ထောက်ပံ့ကြေး ရရှိမည်ဖြစ်ပြီး တစ်လလျှင် ၂၀ လီတာအထိ ကန့်သတ်ထားကြောင်း သိရှိရသည်။
အာဏာပိုင်များအနေဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုလျှော့ချနိုင်မည့် နည်းလမ်းများကို စဉ်းစားနေကြပြီး ဈေးကွက်လုပ်ငန်း လည်ပတ်ချိန်များကို ကန့်သတ်ရန် ရှိ၊ မရှိ ဆုံးဖြတ်ချက်ကို လာမည့်သီတင်းပတ်တွင် ကြေညာမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး Muhammad Aurangzeb က ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် အမေရိကန်နှင့် အီရန် နှစ်နိုင်ငံလုံးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး ၎င်းတို့အကြား ဖြစ်ပွားနေသော ပဋိပက္ခများ အဆုံး သတ်နိုင်ရေးအတွက် ကြားဝင်စေ့စပ် ဆွေးနွေးပေးရန် ဆန္ဒရှိကြောင်း ပြောကြားထားသည်။
ကိုးကား- CNN
Photo: NDTV
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
