ပြင်သစ် နိုင်ငံတစ်ဝှမ်း စက်သုံးဆီပြတ်လပ်မှု အခြေအနေ ဆိုးရွားလာ
ပြင်သစ်နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်များတွင် ပြတ်လပ်မှုများ ပိုမိုဆိုးရွားလာနေပြီး ဆီဆိုင်များ၏ ၁၈ ရာခိုင်နှုန်းခန့်တွင် အနည်းဆုံး လောင်စာဆီအမျိုးအစားတစ်မျိုး ပြတ်လပ်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားလှယ် မော့ဒ် ဘရီဂျွန် (Maud Bregeon) က ပြောကြားလိုက်သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အနှောင့်အယှက်များက ကမ္ဘာ့စွမ်းအင်စရိတ်များကို မြင့်တက်စေ သော်လည်း ပြင်သစ်တွင် စျေးနှုန်းများကို ကန့်သတ်ထားခြင်းကြောင့် ဝယ်လိုအား မြင့်တက်လာခြင်းဖြစ်သည်။
အဆိုပါ ပြတ်လပ်မှုများသည် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော TotalEnergies က ဖွင့်လှစ်ထားသည့် ဆီဆိုင်များတွင် အဆိုးရွားဆုံးဖြစ်ပေါ် နေကြောင်း၊ ထိုကုမ္ပဏီသည် စျေးနှုန်းများကို ပေါက်စျေးအောက် လျှော့ချ ကန့်သတ်ရောင်းချပေးနေခြင်းကြောင့် လာရောက်ဝယ်ယူသူ ပိုမိုများပြားလာပြီး ဆီပြတ်လပ်သည့် ဆီဆိုင်အရေအတွက်၏ အများစုမှာ Total ဆီဆိုင် များဖြစ်ကြောင်း ဘရီဂျွန်က အင်္ဂါနေ့ (ဧပြီ ၇) တွင် ပြောကြားခဲ့သည်။
Total ကုမ္ပဏီက ဧပြီလအတွက် Unleaded ဓာတ်ဆီတစ်လီတာလျှင် ၁.၉၉ ယူရို (၂.၃၀ ဒေါ်လာ) နှုန်းဖြင့် စျေးနှုန်းကန့်သတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားသော်လည်း ဒီဇယ်စျေးနှုန်းကိုမူ ပြင်ပပေါက်စျေးနှင့် နီးစပ်စေရန် တစ်လီတာလျှင် ၂.၂၅ ယူရိုအထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ မတ်လလယ်ပိုင်းမှစတင်၍ ၎င်းတို့၏ ဆီဆိုင်ကွန်ရက်တစ်လျှောက်သုံးစွဲသူ ဦးရေ သိသိသာသာမြင့်တက်လာကြောင်းနှင့် အထူးသဖြင့် ဒီဇယ်ဆီအတွက် ဒေသအလိုက်ထောက်ပံ့မှု ကျပ်တည်းခြင်းများ ရှိလာနိုင်ကြောင်း ကုမ္ပဏီက ကြိုတင်သတိပေးထားသည်။
အာဏာပိုင်များကမူ ယခုအခြေအနေသည် နိုင်ငံလုံးဆိုင်ရာထောက်ပံ့မှု ပြတ်လပ်ခြင်းကြောင့်မဟုတ်ဘဲ အားလပ်ရက် ကုန်စည်ပို့ဆောင်မှု နှောင့်နှေးခြင်းနှင့် ဆက်စပ်သည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကြောင့်သာဖြစ်ကြောင်း ပြစ်တင်ပြောဆိုထားပြီး လာမည့်ရက်ပိုင်း အတွင်း ဆီဆိုင်အများစုတွင် ဆီပြန်လည်ဖြည့်တင်းနိုင်မည်ဟု ဆိုသည်။
သို့သော်လည်း ဒီဇယ်နှင့် ဓာတ်ဆီစျေးနှုန်းများ မြင့်တက်လာမှုကြောင့် စီးပွားရေးလုပ်ငန်းများနှင့် အိမ်ထောင်စုများတွင် ကုန်ကျစရိတ်များ မြင့်မားလာကာ ပြင်သစ် နိုင်ငံအချို့ဒေသများတွင် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ နန့်စ် (Nantes) မြို့တဝိုက်တွင် ကုန်တင်ကားမောင်းသူများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လမ်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြသကဲ့သို့ ကော်စီကာ (Corsica) ကျွန်းရှိ ငါးဖမ်းလုပ်သားများကလည်း ဆိပ်ကမ်းများကို ပိတ်ဆို့ထားကြသည်။ အဆိုပါတုံ့ပြန်မှုများသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဖြစ်ပွားခဲ့သော Yellow Vests လှုပ်ရှားမှု အတွင်း ပေါ်ပေါက်ခဲ့သည့် ကျယ်ပြန့်သော စက်သုံးဆီစျေးနှုန်း ဆန္ဒပြမှုများကဲ့သို့ ရိုက်ခတ်လာနိုင်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
