တိုးပွားလာနေသော လိုငွေပြဿနာများကြားမှ ဂျာမနီနိုင်ငံ၏ စစ်ရေးအသုံးစရိတ် သိသိသာသာ မြင့်တက်လာ

News Image

  • တိုးပွားလာနေသော လိုငွေပြဿနာများကြားမှ ဂျာမနီနိုင်ငံ၏ စစ်ရေး အသုံးစရိတ် သိသိသာသာ မြင့်တက်လာ

ဂျာမနီနိုင်ငံ၏ စစ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့်နှစ်တွင် ၂၃ ရာခိုင်နှုန်းကျော် (ယူရို ၃၉ ဘီလီယံ / ဒေါ်လာ ၄၅ ဘီလီယံ) အထိ မြင့်တက်ခဲ့ပြီး နိုင်ငံ၏ ဘတ်ဂျက်လိုငွေပြဿနာမှာလည်း လေးနှစ်အတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားကြောင်း ဖက်ဒရယ်စာရင်းအင်းရုံး (Federal Statistical Office) က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ဘာလင်အစိုးရသည် စစ်ရေးအင်အားတိုးချဲ့မှုများကို စတင်ခဲ့ရာ ၂၀၂၉ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်မှာ ယူရို ဘီလီယံ ၅၀၀ ကျော်အထိ ရှိလာမည် ဟု ခန့်မှန်းရသည်။ ရုရှားထံမှ ခြိမ်းခြောက်မှုများ ရှိနေသည်ဟုဆိုကာ ဂျာမနီအစိုးရက ၎င်းတို့၏လက်နက်ကိုင်တပ်ဖွဲ့များကို ထိုအချိန်တွင် ‘စစ်ပွဲအတွက် အသင့်အနေအထား’ ဖြစ်စေလိုကြောင်း ပြောကြား ထားသည်။ မော်စကိုဘက်ကမူ NATO အဖွဲ့ဝင် ဥရောပနိုင်ငံများအပေါ် ရန်လိုသောအစီအစဉ်များရှိသည်ဆိုသည့် စွပ်စွဲချက်များကို "အဓိပ္ပာယ် မရှိသော စကားများ" အဖြစ် အကြိမ်ကြိမ် ပယ်ချခဲ့သည်။

အင်္ဂါနေ့ (ဧပြီ ၇) က ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် ဖက်ဒရယ်စာရင်းအင်းရုံးက ၂၀၂၅ ခုနှစ်၌ ဂျာမနီအစိုးရ၏ ကဏ္ဍအသီးသီးတွင် လိုငွေပြမှုများရှိနေပြီး စုစုပေါင်း ယူရို ၁၂၇.၃ ဘီလီယံခန့်ရှိကာ အနီရောင်အဆင့်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ ဆန်းစစ်ချက်များအရ အဆိုပါလိုငွေပမာဏသည် ၂၀၂၄ ခုနှစ်ကထက် ယူရို ၂၂.၉ ဘီလီယံ ပိုမိုများပြားနေခြင်းဖြစ်သည်။ ဗဟိုအစိုးရ၏ လိုငွေပမာဏမှာ ယူရို ၈၅.၄ ဘီလီယံအထိ ရှိနေပြီး စုစုပေါင်းလိုငွေ၏ အများဆုံးအပိုင်းကို ကိုယ်စားပြုနေသည်။

ထိုကဲ့သို့ ဖြစ်လာရခြင်း၏ အကြောင်းရင်းများထဲတွင် စစ်ရေးအသုံးစရိတ်အပါအဝင် ကဏ္ဍအချို့ကို ငွေချေးယူမှုများမှတစ်ဆင့် ပိုမိုသုံးစွဲရန် အစိုးရ ၏ ဆုံးဖြတ်ချက်ကြောင့်ဖြစ်ကြောင်း အဆိုပါအေဂျင်စီက ထောက်ပြထားသည်။

ပြီးခဲ့သည့်နှစ်တွင် ဂျာမနီဗဟိုဘဏ် (Bundesbank) က အစိုးရ၏ လိုငွေ ပြမှုသည် ၂၀၂၈ ခုနှစ်တွင် စီးပွားရေးထွက်ကုန်၏ ၄.၈ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။ ၎င်းသည် ဂျာမနီနိုင်ငံ ပြန်လည် ပေါင်းစည်းပြီးနောက်ပိုင်း လိုငွေအမြင့်ဆုံးဖြစ်ခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဗဟိုဘဏ်က ယင်းအခြေအနေသည် ကာကွယ်ရေးကဏ္ဍတွင် ပိုမိုခွဲဝေသုံးစွဲခြင်းနှင့် ယူကရိန်းအား ဘဏ္ဍာရေးဆိုင်ရာ ဆက်လက် ပံ့ပိုးနေခြင်း တို့ကြောင့် ဖြစ်သည်ဟု သုံးသပ်ထားသည်။ ဂျာမနီစီးပွားရေးသည် ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တို့တွင် စီးပွားရေးကျဆင်းမှု (Recession) နှစ်နှစ် ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ၂၀၂၅ ခုနှစ်တွင်လည်း စီးပွားရေးမှာ ရပ်တန့်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ဆိုးရွားသော စီးပွားရေးအလားအလာ များ ရှိနေသော်လည်း ဝန်ကြီးချုပ် ဖရိုင်းဒရစ် မာ့ဇ် (Friedrich Merz) က ဂျာမနီလက်နက်ကိုင်တပ်ဖွဲ့များကို "ဥရောပတွင် အင်အားအကောင်းဆုံး သမားရိုးကျစစ်တပ်" အဖြစ် ပြောင်းလဲသွားမည်ဟု ကတိပြုထားသည်။

တနင်္လာနေ့ (ဧပြီ ၆) တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ (Maria Zakharova) က "နောက်ဆုံးအကြိမ် ဂျာမနီနိုင်ငံရေးအထက်တန်းလွှာတွေက သူတို့နိုင်ငံကို ဥရောပရဲ့ အဓိက စစ်အင်အားဖြစ်အောင်လုပ်ဖို့ ကြိုးစားခဲ့တုန်းက လူသားမျိုးနွယ်တစ်ခုလုံးအတွက် ကြေကွဲစရာတွေနဲ့ပဲ အဆုံးသတ်ခဲ့ရတယ်" ဟု သတိပေး ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂