အီရန်စစ်ပွဲ၏ နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုများအပေါ် ကာတာ နိုင်ငံရောက် အီတလီ ဝန်ကြီးချုပ် မီလိုနီ သတိပေး
ယခုသီတင်းပတ်ကုန်တွင် ကာတာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အတွင်း အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ (Giorgia Meloni) က အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် အီတလီနိုင်ငံအပေါ် နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း၊ အထူးသဖြင့် လောင်စာဆီ ကိစ္စတွင် ထိခိုက်နိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။
မီလိုနီက “ပါရှန်ပင်လယ်ကွေ့ဒေသမှာ ထုတ်လုပ်မှု ဒါမှမဟုတ် ကုန်စည်စီးဆင်းမှုဆိုင်ရာ သဘောတူညီချက်တွေသာ ရပ်တန့်သွားမယ်ဆိုရင် အားလုံးအတွက် ဈေးနှုန်းတွေမြင့်တက်လာပါလိမ့်မယ်၊ အခြေအနေပိုဆိုးသွားရင်တော့ အီတလီနိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင်တွေ အပြည့်အဝမရရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ သူမက “ကျွန်မတို့ အခုရောက်နေတဲ့ ကာတာနိုင်ငံ တစ်ခုတည်းကတင် အီတလီရဲ့ သဘာဝဓာတ်ငွေ့လိုအပ်ချက် ၁၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတာဖြစ်ပြီး ပင်လယ်ကွေ့ဒေသတစ်ခုလုံးအနေနဲ့ ကျွန်မတို့နိုင်ငံရဲ့ စုစုပေါင်း ရေနံလိုအပ်ချက်ရဲ့ ၁၅ ရာခိုင်နှုန်းခန့်ကို အာမခံချက် ပေးထားတာကို ထည့်သွင်းစဉ်းစားရပါမယ်၊ ဒါကြောင့်လည်း အီတလီ နိုင်ငံနဲ့ အစဉ်အမြဲ အဓိကကျတဲ့ မဟာဗျူဟာမြောက် စီးပွားရေးနဲ့ စွမ်းအင် ဆိုင်ရာ ဆက်ဆံရေးရှိထားတဲ့ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ ကျွန်မ ဒီကိုရောက်နေတာ ဖြစ်ပါတယ်” ဟု ဆိုသည်။
မီလိုနီ၏ မှတ်ချက်စကားများသည် အီတလီရှိ အဓိကလေယာဉ်ဆီတင်သွင်းသူဖြစ်သော Air BP Italia က ဧပြီလ ၂ ရက်မှ ၉ ရက်အတွင်း အီတလီလေဆိပ် ၄ ခု၌ လောင်စာဆီ အကန့်အသတ်သာရှိတော့ကြောင်း သတိပေးချက်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ သတိပေးချက်တွင် “လေယာဉ်မှူးများအနေဖြင့် နောက်ဆက်တွဲ ခရီးစဉ်များအတွက် လုံလောက်သော လောင်စာဆီပမာဏကို ယခင် လေဆိပ်များကတည်းက တွက်ချက်ဖြည့်တင်းလာရန် တောင်းဆိုအပ် ပါသည်” ဟု ဖော်ပြထားသည်။
သို့သော်လည်း အီတလီမြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ ပီယာ လူဂီ ဒီ ပါးလ်မား (Pierluigi di Palma) ကမူ အီတလီသတင်းဌာန ANSA သို့ ပြောကြားရာတွင် အဆိုပါ လောင်စာဆီ ပြတ်လပ်မှုမှာ စစ်ပွဲကြောင့်ဖြစ်သော ထောက်ပံ့ရေးကွင်းဆက် ပြဿနာများကြောင့်မဟုတ်ဘဲ အီစတာ အားလပ်ရက်အတွင်း ခရီးသွားလာမှု အလွန်အမင်းများပြားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
