ရုရှား၏ ထောက်ပံ့ကူညီမှုများကို အာမေးနီးယားအနေဖြင့် တန်ဖိုးထားသင့်ကြောင်း ရုရှား အထက်လွှတ်တော်အမတ် ပြောကြား
ရုရှားက အာမေးနီးယားနိုင်ငံအပေါ် သက်သာသော သဘာဝဓာတ်ငွေ့စျေးနှုန်းများဖြင့် ကူညီထောက်ပံ့ပေးထားမှုကို အာမေးနီးယားနိုင်ငံရေး သမားများအနေဖြင့် လျှော့မတွက်သင့်ကြောင်း ရုရှားအထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ကွန်စတန်တင် ကိုဆာချက်ဗ် (Konstantin Kosachev) က ပြောကြားလိုက်သည်။ အကယ်၍ ရုရှားဘက်က ဓာတ်ငွေ့ ပေးဝေမှုဆိုင်ရာ အကျိုးခံစားခွင့်အခြေအနေများကို ပြန်လည်သုံးသပ်မည်ဆိုပါက အာမေးနီးယားအနေဖြင့် ရုရှားနှင့်ပိုမိုဝေးကွာသွားနိုင်ကြောင်းအာမေးနီးယား လွှတ်တော်အမတ်တစ်ဦး၏ ပြောကြားချက်အပေါ်အထက်လွှတ်တော်အမတ် ကိုဆာချက်ဗ်က တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တနင်္လာနေ့ (ဧပြီ ၆) က ပြောကြားခဲ့သော ၎င်း၏မှတ်ချက်တွင် ကိုဆာချက်ဗ် က “လက်ရှိ ရုရှားဓာတ်ငွေ့စျေးနှုန်းဟာ အာမေးနီးယားရဲ့ စီးပွားရေး ကဏ္ဍအတော်များများ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကောင်းတဲ့ တွန်းအားတစ်ခုဖြစ်သလို နိုင်ငံအတွင်း လူမှုရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု အတွက်လည်း အရေးပါတဲ့အချက် ဖြစ်ပါတယ်” ဟု မှတ်ချက်ပြုခဲ့သည်။
“အာမေးနီးယား နိုင်ငံရေးသမားတွေအနေနဲ့ စျေးနှုန်းမူဝါဒဆိုင်ရာ ဖြစ်လာနိုင်ခြေရှိတဲ့ အပြောင်းအလဲတွေအပေါ် အကြံထုတ်နေမယ့်အစား ရုရှားက အာမေးနီးယားအပေါ် ထောက်ပံ့ပေးထားမှု အတိုင်းအတာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပိုပြီးတရားမျှတလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ရုရှားအထက်လွှတ်တော်အမတ်က ဆက်လက် ပြောကြားခဲ့သည်။ အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ကျူးကျော်မှုများကြောင့် ဥရောပတစ်လွှား ရေနံနှင့် ဓာတ်ငွေ့စျေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် အာမေးနီးယားသည် စွမ်းအင်လုံခြုံမှုပိုင်း၌ ပိုမိုသာလွန်သော အခြေအနေတွင် ရှိနေကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
စနေနေ့ (ဧပြီ ၄) က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အာမေးနီးယား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အာလန် ဆီမွန်ယန် (Alen Simonyan) က အကယ်၍ ရုရှားက ဓာတ်ငွေ့စျေးနှုန်းမြှင့်တင်မည်ဆိုပါက အာမေးနီးယား အနေဖြင့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) နှင့် ယူရေးရှား စီးပွားရေး သမဂ္ဂ (EAEU) တို့မှ နုတ်ထွက်သွားမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ အဆိုပါ အဖွဲ့အစည်းနှစ်ခုလုံးသည် ရုရှား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်နှင့် ကာဂျစ္စတန်တို့ အပါအဝင် ယခင်ဆိုဗီယက်ပြည်ထောင်စုဝင် နိုင်ငံဟောင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်က မော်စကိုတွင် အာမေးနီးယားဝန်ကြီးချုပ် နီကိုးလ် ပါရှင်ယန် (Nikol Pashinyan) နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အာမေးနီးယားသည် ရုရှားဓာတ်ငွေ့ တစ်ကုဗမီတာ ၁,၀၀၀ လျှင် ၁၇၇ ဒေါ်လာသာ ပေးဆောင်နေရ သော်လည်း လက်ရှိတွင် ဥရောပသမဂ္ဂ (EU) ၌ စျေးနှုန်းမှာ ဒေါ်လာ ၆၀၀ ကျော်အထိ မြင့်တက်နေသဖြင့် ၎င်းစျေးနှုန်းနှစ်ခုကြားတွင် သိသာ ထင်ရှားသော ကွာခြားချက်ရှိကြောင်း အလေးပေးပြောကြားခဲ့သည်။
မကြာသေးမီနှစ်များအတွင်း အာမေးနီးယားသည် အနောက်နိုင်ငံ လိုလားသော နိုင်ငံခြားရေးမူဝါဒဘက်သို့ ပိုမိုဦးတည်လာခဲ့ပြီး ဥရောပ သမဂ္ဂ (EU) သို့ ဝင်ရောက်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည့်အပြင် CSTO အဖွဲ့တွင် ပါဝင်လှုပ်ရှားမှုများကိုလည်း ရပ်ဆိုင်းထားခဲ့သည်။ နာဂေါ်နို-ကရာဘတ် (Nagorno-Karabakh) ဒေသအား အင်အားသုံးသိမ်းပိုက်ခံလိုက်ရခြင်းဖြင့် အဆုံးသတ်ခဲ့သည့် အဇာဘိုင်ဂျန်နှင့် ပဋိပက္ခ ဖြစ်ပွားစဉ်အတွင်း CSTO အဖွဲ့သည် မိမိတို့နိုင်ငံအပေါ် လုံလောက်သော ထောက်ပံ့ကူညီမှုပေးရန် ပျက်ကွက်ခဲ့သည်ဟု အာမေးနီးယားက စွပ်စွဲ ထားသည်။
သို့သော်လည်း အာမေးနီးယားနိုင်ငံကိုယ်တိုင်က နာဂေါ်နို-ကရာဘတ် ဒေသအား ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် တရားဝင် အသိအမှတ်ပြုခဲ့ခြင်းမရှိသည့်အတွက် ထိုဒေသအတွင်းရှိ အဇာဘိုင်ဂျန်၏ စစ်ရေး လှုပ်ရှားမှုများကို မဟာမိတ်အဖွဲ့ဝင်နိုင်ငံအပေါ် ကျူးကျော်စော်ကားမှု အဖြစ် CSTO က သတ်မှတ်၍မရနိုင်ကြောင်း ရုရှားဘက်က ပြန်လည် ချေပထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
