ယခုနှစ် တတိယသုံးလပတ်အတွင်း ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၆,၀၀၀ အထိ ရောက်ရှိလာဖွယ်ရှိကြောင်း ခန့်မှန်းရသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ (ဧပြီ ၇) တွင် အမေရိကန်နှင့် အီရန်တို့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ကမ္ဘာ့ရွှေစျေးနှုန်းမှာ သိသိသာသာမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း မရေရာမှုများ ကျန်ရှိနေသေးသဖြင့် ကာလတိုအတွင်း စျေးနှုန်းမတည်ငြိမ်မှုများ ရှိနိုင်ကြောင်း ကုန်သည်များက ပြောကြားထားသည်။သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် ဗုံးကြဲတိုက်ခိုက်မှုများကို သီတင်းနှစ်ပတ်ကြာ ရပ်နားရန် သဘောတူညီခဲ့ပြီးနောက် စွမ်းအင်ကဏ္ဍမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည့် ငွေကြေးဖောင်းပွမှုအပေါ် စိုးရိမ်မှုများ လျော့ကျသွားခဲ့သဖြင့် ရွှေစျေးနှုန်းမှာ ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တွင် သုံးပတ်နီးပါး အတွင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့သည်။အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းလာသည်နှင့်အမျှ ကမ္ဘာ့ရွှေစျေး (Spot Gold) မှာ ၂.၅ ရာခိုင်နှုန်း မြင့်တက်ကာ တစ်အောင်စလျှင် ၄,၈၁၉.၅၂ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ စျေးကွက်အတွင်း အချိန်အပိုင်းအခြားတစ်ခု၌ ၃ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ခဲ့ပြီး မတ်လ ၁၉ ရက် နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဇွန်လအတွက် အမေရိကန် ရွှေကြိုပွိုင့်စျေးနှုန်းများမှာလည်း ၃.၄ ရာခိုင်နှုန်း မြင့်တက်ကာ ၄,၈၄၅.၃၀ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။ သမ္မတထရမ့်က ဝါရှင်တန်အနေဖြင့် တိုက်ခိုက်မှုများကို နှစ်ပတ်ရပ်နားရန် သဘောတူခဲ့ပြီး အီရန်ဘက်မှလည်း ဆွေးနွေးပွဲများအတွက် အခြေခံအဖြစ်အချက် ၁၀ ချက်ပါဝင်သော လက်တွေ့ကျသည့်အဆိုပြုချက်ကို ရရှိထားကြောင်း ပြောကြားခဲ့သည်။ဒေသတွင်းစျေးကွက်တွင် ရွှေဒင်္ဂါးပြား/ရွှေတုံးစျေးနှုန်းမှာ စျေးဖွင့်ချိန်၌ ရွှေချိန်တစ်ဘတ်လျှင် ၁,၂၅၀ ဘတ်အထိ မြင့်တက်ကာ ၇၃,၁၀၀ ဘတ် သို့ ရောက်ရှိခဲ့သည်။ ထိုင်းဘတ်ငွေမှာလည်း တစ်ဒေါ်လာလျှင် ၃၂.၀၂ ဘတ်အထိ တစ်လနီးပါးအတွင်း အမြင့်ဆုံးသို့ အားကောင်းလာခဲ့ပြီး နောက် ရွှေစျေးနှုန်း ၃၃ ကြိမ်တိုင်ပြောင်းလဲခဲ့ကာ ရွှေချိန်တစ်ဘတ်လျှင် ၇၃,၀၀၀ဘတ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ရွှေကုန်သည်များ အသင်း (GTA) က ဆိုသည်။"ဒီအခြေအနေဟာ အခုချိန်ကစပြီး လုံးဝကောင်းမွန်သွားလိမ့်မယ်လို့ ကျွန်တော်တို့ အပြည့်အဝ မယုံကြည်သေးပါဘူး၊ ရှေ့မှာ မရေရာမှုတွေ အများကြီး ရှိနေပါသေးတယ်" ဟု GTA ဥက္ကဋ္ဌ Mr. Jitti Tangsithpakdi က ပြောကြားခဲ့သည်။ထို့ကြောင့် လာမည့်စနေနေ့ (ဧပြီ ၁၁) ပါကစ္စတန်တွင် ပြုလုပ်မည့် အမေရိကန်-အီရန် ဆွေးနွေးပွဲမတိုင်မီ ရွှေစျေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၂၀၀ ဝန်းကျင်အတွင်း အတက်အကျ ရှိနေနိုင်ကြောင်း အသင်းက မျှော်လင့်ထားသည်။ သို့သော်လည်း တတိယသုံးလပတ်မှစတင်ကာ ရွှေစျေးနှုန်းမှာ GTA က ခန့်မှန်းထားသည့်အတိုင်း ဒေါ်လာ ၆,၀၀၀ သို့ ရောက်ရှိမည့် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း ၎င်းက မှတ်ချက် ပြုခဲ့သည်။ဒေသတွင်း ရွှေစျေးနှုန်းများမှာ ဘတ်ငွေမတည်ငြိမ်မှုကြောင့် ခန့်မှန်းရန်ခက်ခဲသော်လည်း တတိယသုံးလပတ်တွင် ရွှေစျေးမှာ ယခင်အမြင့်ဆုံး စံချိန်ဖြစ်သည့် ၈၁,၉၅၀ ဘတ်သို့ ပြန်လည်ရောက်ရှိရုံသာမက ၎င်းအဆင့်ကိုပါ ကျော်လွန်သွားမည်ဟု ယုံကြည်ကြောင်း Mr. Jitti က ဆိုသည်။ကိုးကား- Bangkok Postဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
Thu, 9-Apr-2026