အမေရိကန်-အီရန် ဆွေးနွေးပွဲများအပြီးတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် စစ်ပွဲ၏ အနာဂတ်မှာ မရေမရာဖြစ်နေ

News Image

  • အမေရိကန်-အီရန် ဆွေးနွေးပွဲများအပြီးတွင် သဘောတူညီချက် တစ်စုံတစ်ရာ မရရှိခဲ့သဖြင့် စစ်ပွဲ၏ အနာဂတ်မှာ မရေမရာဖြစ်နေ

အီရန်နိုင်ငံနှင့် ၂၁ နာရီကြာ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် သဘောတူညီချက်တစ်စုံတစ်ရာမရရှိဘဲ ကျရှုံးခဲ့ကြောင်း ဒုတိယ သမ္မတ JD Vance ၏ ထုတ်ဖော်ပြောကြားချက်က ပဋိပက္ခ၏ အနာဂတ်နှင့်ပတ်သက်၍ မေးခွန်းများစွာ ထွက်ပေါ်လာစေခဲ့သည်။

ယင်းအခြေအနေသည် ပြီးခဲ့သည့်အင်္ဂါနေ့ (ဧပြီ ၇) က စတင်ခဲ့သော သီတင်းနှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေးကို သံသယဖြစ်ဖွယ် အခြေအနေသို့ တွန်းပို့လိုက်သည်။ Hormuz ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် အီရန်ဘက်မှ ကတိကဝတ်မပြုပါက ကမ္ဘာ့အင်အားဖြည့်တင်းမှု အရင်းအမြစ်များမှာ ဆက်လက်အကျပ်ရိုက်နေဦးမည်ဖြစ်သည်။

အပစ်အခတ်ရပ်စဲရေး မစတင်မီက သမ္မတ Donald Trump က အီရန် ခေါင်းဆောင်များအနေဖြင့် သဘောတူညီချက်ကို လက်မခံပါက အီရန်၏ "လူ့ယဉ်ကျေးမှုတစ်ရပ်လုံး ပျက်သုဉ်းသွားလိမ့်မည်" ဟု ခြိမ်းခြောက်ကတိပြုခဲ့ဖူးသည်။ သို့သော်လည်း အမေရိကန်ပြည်သူများအကြား အလွန်အမင်း လူကြိုက်နည်းလာပြီး ၎င်းကိုယ်တိုင်ကလည်း အမေရိကန် က အနိုင်ရရှိပြီးဖြစ်သည်ဟုဆိုထားသော စစ်ပွဲကို ပြန်လည်စတင်ရန် ၎င်းတွင် အမှန်တကယ် ဆန္ဒရှိ၊ မရှိမှာမူ ရှင်းလင်းစွာ မသိရသေးပေ။

Vance သည် အစ္စလာမ်မာဘတ်သို့ ရောက်ရှိနေစဉ်အတွင်း ယခုကဲ့သို့ ဆွေးနွေးပွဲများ ရပ်တန့်သွားပြီးနောက် မည်သို့ဆက်ဖြစ်မည်ကို ပြောကြား ခြင်းမရှိပေ။ အမေရိကန်၏ "နောက်ဆုံးနှင့် အကောင်းဆုံး ကမ်းလှမ်းချက်" ကို လက်ခံရန် အီရန်ဘက်မှ ပြန်လာနိုင်သေးကြောင်း ၎င်းက အရိပ်အမြွက် ပြောကြားခဲ့သော်လည်း ကွဲလွဲချက်များကို ညှိနှိုင်းရန် နောက်ထပ်ဆွေးနွေးမှုများ ပြုလုပ်မည့်အစီအစဉ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိ ခဲ့ပါ။

တစ်ချိန်တည်းမှာပင် Trump ကမူ ဆွေးနွေးပွဲရလဒ် မည်သို့ ထွက်ပေါ်လာသည်ကို စိတ်မဝင်စားကြောင်း စနေနေ့ (ဧပြီ ၁၁) အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းက "သဘောတူညီချက် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်တော့်အတွက်တော့ ဘာမှမထူးခြားပါဘူး" ဟု ဆိုကာ အမေရိကန်အနေဖြင့် အီရန်ကို စစ်ရေးအရ အနိုင်ယူပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: Reuters

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး