ဥရောပတွင် နောက်သုံးပတ်အတွင်း လေယာဉ်ဆီပြတ်လပ်မှုများနှင့် ကြုံတွေ့ ရနိုင်ကြောင်း စက်မှုလုပ်ငန်းအဖွဲ့အစည်းတစ်ခုက သတိပေး
ဟော်မုဇ်ရေလက်ကြားကို လာမည့်သုံးပတ်အတွင်း သိသိသာသာ တည်ငြိမ်သည့်ပုံစံမျိုးဖြင့် ပြန်မဖွင့်နိုင်ပါက ဥရောပတွင် လေယာဉ်ဆီ ပြတ်လပ်မှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း လေဆိပ်လုပ်ငန်းစု ကိုယ်စားပြုအဖွဲ့က သတိပေးလိုက်သည်။
တိုက်ကြီးတစ်ဝှမ်းရှိ လေဆိပ်ပေါင်း ၆၀၀ ကျော်ကို ကိုယ်စားပြုသည့် ဥရောပလေဆိပ်များကောင်စီ (ACI Europe) က ထိုသို့သော အခြေအနေ မျိုးကို ရှောင်ရှားနိုင်ရန်အတွက် ဥရောပသမဂ္ဂ (EU) အနေဖြင့် အရေးယူဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်ရန် ဧပြီ ၉ ရက်နေ့က ဥရောပ ကော်မရှင်ထံ ပေးပို့သောစာတွင် တောင်းဆိုထားကြောင်း CNN က ဖော်ပြခဲ့သည်။
အဆိုပါအဖွဲ့က အကြံပြုထားသော အစီအမံအချို့တွင် EU အနေဖြင့် စုပေါင်းဝယ်ယူမှုများ ပြုလုပ်ရန်နှင့် တိုက်ကြီးအတွင်းသို့ လေယာဉ်ဆီတင်သွင်းမှုကို အဟန့်အတားဖြစ်စေသည့် စည်းမျဉ်းစည်းကမ်းများကို ယာယီဖြေလျှော့ပေးရန်တို့ ပါဝင်သည်။ ထို့အပြင် ဥရောပ ကော်မရှင်အနေဖြင့် လေယာဉ်ဆီထုတ်လုပ်မှုနှင့် ရရှိနိုင်မှုအခြေအနေတို့ကို ကိုယ်တိုင် ကိုယ်ကျ စစ်ဆေးအကဲဖြတ်ရန်နှင့် စောင့်ကြည့်ရန်လည်း တိုက်တွန်းထားသည်။
အကယ်၍ လောင်စာဆီပြတ်လပ်မှု အမှန်တကယ်ဖြစ်ပွားလာပါက လေကြောင်းခရီးသွားလာမှုကို ပြင်းထန်စွာ အနှောင့်အယှက်ဖြစ်စေမည် ဖြစ်ပြီး မြင့်တက်လာသော ရေနံဈေးနှုန်းများ၏ ရိုက်ခတ်မှုကို ပိုမို ဆိုးရွားစေကာ ဥရောပစီးပွားရေးကို သိသိသာသာ ထိခိုက်စေလိမ့်မည်ဟု အဆိုပါအဖွဲ့က သတိပေးထားသည်။
နွေရာသီ ခရီးသွားအများဆုံးရာသီ နီးကပ်လာချိန်တွင် လောင်စာဆီပြတ်လပ်မှုသည် ဥရောပ၏ ပို့ကုန် ၂၆ ရာခိုင်နှုန်း (လေဆိပ်များမှတစ်ဆင့် ပို့ဆောင်နေရခြင်းဖြစ်သည်) ကို ထိခိုက်စေမည့်အပြင် ပြည်သူလူထုကိုလည်း သက်ရောက်မှုရှိစေမည်ဟု မှတ်ချက်ပြုထားသည်။
အမေရိကန်-အစ္စရေးနှင့် အီရန်တို့ စစ်ဖြစ်ပွားပြီးကတည်းက လေယာဉ်ဆီဈေးနှုန်းများမှာ နှစ်ဆမြင့်တက်သွားခဲ့ပြီး အီရန်အနေဖြင့် ဟော်မုဇ် ရေလက်ကြားကို အမြန်ဆုံးပြန်ဖွင့်ပေးလျှင်ပင် လောင်စာဆီရရှိနိုင်မှုမှာ လပေါင်းများစွာအထိ ကန့်သတ်ချက်များ ဆက်လက်ရှိနေနိုင်ကြောင်းနိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (IATA) ၏ ညွှန်ကြားရေးမှူးချုပ် Willie Walsh က ဗုဒ္ဓဟူးနေ့ (ဧပြီ ၈) တွင် ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
