အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်လုနီးပါးဖြစ်နေချိန်တွင် အမေရိကန် စစ်သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း

News Image

  • အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်လုနီးပါးဖြစ်နေချိန်တွင် အမေရိကန် စစ်သင်္ဘောနှစ်စင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်း

အီရန်နိုင်ငံနှင့်ရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ ထိလွယ်ရှလွယ်ဖြစ်နေသည့် အခြေအနေတွင် အမေရိကန် ရေတပ်ဖျက် သင်္ဘောနှစ်စင်းသည် ဟော်မုဇ်ရေလက်ကြားကို ဧပြီ ၁၁ ရက်နေ့က ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုပြောကြားလိုက်သည်။

Fox News ၏ Sunday Morning Futures အစီအစဉ်တွင် သမ္မတ ထရမ့်က "မနေ့က ကျွန်တော်တို့ဟာ အလွန်ခေတ်မီပြီးအဆင့်မြင့်တဲ့ ဖျက်သင်္ဘောသစ်နှစ်စင်းကို ရေလက်ကြားရဲ့ အလယ်တည့်တည့်ကနေ ဖြတ်သန်းမောင်းနှင်ခိုင်းခဲ့ပါတယ်၊ ဘယ်သူကမှ ကျွန်တော်တို့ကို တုံ့ပြန် တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပါဘူး" ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ၎င်းက အမေရိကန်၏ အဆင့်မြင့် နည်းပညာများအကြောင်းကိုလည်း "ကျွန်တော်တို့ဆီမှာရှိတဲ့ နည်းပညာတွေက မယုံနိုင်လောက်အောင်ကောင်းမွန်ပါတယ်၊ ရန်သူကတိုက်ခိုက်လာမယ်ဆိုရင် အဲ့ဒီလက်နက်လာရာလမ်းကြောင်းအတိုင်း ခြေရာခံပြီး မိနစ်ပိုင်းအတွင်းမှာတင် တစ်ဖက် က ပစ်မှတ်ကို အမြစ်ပြတ်ချေမှုန်းနိုင်စွမ်း ရှိပါတယ်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ၏ ထုတ်ပြန်ချက်အရ ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောများဖြစ်သည့် USS Frank E. Peterson နှင့် USS Michael Murphy တို့သည် ဟော်မုဇ် ရေလက်ကြားအတွင်းရှိ ရေမြှုပ်မိုင်းများကို ရှင်းလင်းရေးလုပ်ငန်းစဉ်များ စတင်နေပြီ ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါရေမြှုပ်မိုင်းများသည် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ချထားခြင်းဖြစ်ပြီး ယခုစစ်ဆင်ရေးသည် ရေလက်ကြားအတွင်း သင်္ဘောများ ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း CENTCOM က ဆိုသည်။

သမ္မတ ထရမ့်က ၎င်း၏ Truth Social လူမှုကွန်ရက် စာမျက်နှာတွင်လည်း "ကမ္ဘာတစ်ဝှမ်းက နိုင်ငံတွေကို ကူညီတဲ့အနေနဲ့ ဟော်မုဇ် ရေလက်ကြား မှာရှိတဲ့မိုင်းတွေကို ရှင်းလင်းရေးလုပ်ငန်းစဉ် စတင်နေပြီဖြစ်ကြောင်း" စနေနေ့ (ဧပြီ ၁၁) အစောပိုင်းက ရေးသားဖော်ပြခဲ့သည်။

ကိုးကား- CNN

Photo: Yahoo

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး