တရုတ်နိုင်ငံမှ အီရန်သို့ လက်နက်များလွှဲပြောင်းပေးပါက ၅၀ ရာခိုင်နှုန်း အကောက်ခွန် စည်းကြပ်မည်ဟု ထရမ့် သတိပေး

News Image

  • တရုတ်နိုင်ငံမှ အီရန်သို့ လက်နက်များ လွှဲပြောင်းပေးပါက ၅၀ ရာခိုင်နှုန်း အကောက်ခွန် စည်းကြပ်မည်ဟု ထရမ့် သတိပေး

အကယ်၍ တရုတ်နိုင်ငံမှ အီရန်နိုင်ငံသို့ လက်နက်များ လွှဲပြောင်းပေးအပ်ခြင်းပြုလုပ်ခဲ့ပါက တရုတ်နိုင်ငံအနေဖြင့် ၅၀ ရာခိုင်နှုန်း အကောက်ခွန်စည်းကြပ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်သည်။ သို့သော် အမေရိကန် ထောက်လှမ်းရေးသတင်းများတွင် ပေကျင်းသည် ထိုသို့လုပ်ဆောင်ရန် အစီအစဉ်ရှိကြောင်း ညွှန်ပြနေသော်လည်း တရုတ်ဘက်မှ လုပ်ဆောင် လိမ့်မည်ဟု မိမိမထင်ကြောင်း ၎င်းကဆိုသည်။

တရုတ်က ပခုံးထမ်း ဒုံးကျည်တွေ၊ လေယာဉ်ပစ် ဒုံးကျည်တွေပေးနေတယ်ဆိုတဲ့ သတင်းတွေ ကျွန်တော်ကြားပါတယ်” ဟု ၎င်းက ပြောကြား ခဲ့သည်။ ထိုသို့ပြောကြားရာတွင် ပေကျင်းသည် MANPADs ဟု လူသိများသည့် ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည်စနစ်များကို လွှဲပြောင်းပေးရန် ပြင်ဆင်နေကြောင်း CNN ၏ သီးသန့်သတင်းထုတ်ပြန်ချက်ကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။

Fox News ၏ Sunday Morning Futures with Maria Bartiromo အစီအစဉ်တွင် ထရမ့်က “သူတို့ (တရုတ်) အဲ့ဒီလို လုပ်လိမ့်မယ်လို့ ကျွန်တော် သံသယရှိပါတယ် ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ သူတို့နဲ့ ဆက်ဆံရေးရှိထားတာကြောင့် သူတို့ ဒါမျိုးလုပ်မှာမဟုတ်ဘူးလို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက “အစောပိုင်းတုန်းကတော့ နည်းနည်းပါးပါး လုပ်ခဲ့ကောင်းလုပ်ခဲ့နိုင်ပေမယ့် နောက်ထပ်တော့လုပ်တော့မှာမဟုတ်ဘူးလို့ ထင်ပါတယ် ၊ ဒါပေမဲ့ သူတို့ ဒါမျိုးလုပ်နေတာကို ကျွန်တော်တို့ တွေ့ခဲ့ရင်တော့ သူတို့ ၅၀ ရာခိုင်နှုန်း အကောက်ခွန် အစည်းခံရပါလိမ့်မယ် ၊ ဒါဟာ တကယ့်ကို တုန်လှုပ်စရာကောင်းတဲ့ ပမာဏပါပဲ” ဟု ဆက်လက် ပြောဆိုခဲ့သည်။

လတ်တလော ထောက်လှမ်းရေး ဆန်းစစ်ချက်များအရ တရုတ်နိုင်ငံသည် လာမည့် သီတင်းပတ်အနည်းငယ်အတွင်း အီရန်သို့ လေကြောင်းရန် ကာကွယ်ရေး စနစ်အသစ်များ ပေးပို့ရန်ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ညွှန်ပြနေသည်ဟု CNN က စနေနေ့ (ဧပြီ ၁၁) တွင် သတင်းဖော်ပြခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူကမူ “တရုတ်နိုင်ငံဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဘယ်အဖွဲ့အစည်းကိုမှ လက်နက်တွေ ထောက်ပံ့ပေးခဲ့ခြင်း မရှိပါဘူး၊ အခု ဖော်ပြနေတဲ့ သတင်းတွေဟာ မမှန်ကန် ပါဘူး” ဟု တုံ့ပြန်ခဲ့သည်။ “တာဝန်သိတဲ့ နိုင်ငံကြီးတစ်နိုင်ငံအနေနဲ့ တရုတ် နိုင်ငံဟာ နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို အမြဲတမ်း လိုက်နာပါတယ်၊ အမေရိကန်အနေနဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေလုပ်တာ၊ မရည်ရွယ်ဘဲ ဆက်စပ်မှုတွေရှာတာနဲ့ စိတ်လှုပ်ရှားစရာဖြစ်အောင် လုပ်နေတာတွေကို ရှောင်ကြဉ်ဖို့ တိုက်တွန်းပါတယ် ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ တင်းမာမှုတွေလျှော့ချနိုင်ဖို့အတွက် ပိုမိုလုပ်ဆောင်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကိုးကား- CNN

Photo: NDTV

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး